MT News
Written by Min Mahar
မန္တလေးမြို့တွင် အချိန် ၁၀ နာရီအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၂ ရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံရကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၃ရက်နေ့ည ၉ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနှင့် ၁၁၇ လမ်းထောင့်ရှိ(ဃ) ရက်ကွက်ရုံးအား အမည်မသိသူများက လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခံရပြီး မပေါက်ကွဲသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယမ်းပျော့ကပ်ကာ ဖောက်ခွဲခဲ့ရကြောင်း သိရသည်။
“ဘယ်သူက ပစ်သွားတာလဲတော့ မသိလိုက်ဘူး။ မပေါက်ကွဲလို့ စစ်တပ်က ယမ်းပျော့ကပ်ပြီး ဖောက်ခွဲလိုက်ရတယ်”ဟု ရပ်ကွက်ရုံးအနီးနေထိုင်သူက ပြောသည်။
အလားတူပင် ဒီဇင်ဘာလ ၂၄ရက်နေ့ နံနက် ၇ နာရီထိုးပြီးစကလည်း ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၄ လမ်းနှင့် ၁၀၅ လမ်းဆုံရှိ အောင်ပင်လယ်ရပ်ကွက်ရုံး၏ တောင်ဘက်သို့ CZI ဆိုင်ကယ်အနီရောင်ဖြင့် လူငယ်တစ်ဦး ရောက်ရှိလာပြီး လက်ပစ်ဗုံး ၁ လုံးပစ်ပေါက်ခဲ့မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူနှင့်ပစ္စည်းများ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း သိရသည်။
အဆိုပါလက်ပစ်ဗုံးပစ်ပေါက်ခဲ့သူများအား သက်ဆိုင်ရာအဖွဲ့များမှ ပိတ်ဆို့ကာ လိုက်လံစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်။ အဆိုပါ ဖောက်ခွဲမှုများကိုမူ “ပြည်ကြီးတံခွန်မြို့နယ်ရှိ (ဃ)ရပ်ကွက်ရုံးအား Anonymous Force Mandalay (AFM) အဖွဲ့နှင့် Brother Revolution Force (B.R.F) မဟာမိတ်အဖွဲ့တို့ ပူးပေါင်း ဖောက်ခွဲခဲ့ပြီး အောင်ပင်လယ်ရပ်ကွက်ရုံးကိုလည်း မီဒီယာအဖြစ်မှ လက်နက်ကိုင်အဖွဲ့အဖြစ်ပြောင်းလဲခဲ့သော Voice Of Mandalay -Front Warrior အဖွဲ့က ဖောက်ခွဲခဲ့သည်ဟုလည်း ယင်းတို့ကိုယ်တိုင် ထုတ်ပြန်ထားသည်။