September 20, 2024

၂၃.၆.၂၀၂၄
Written By Thandar

ဟာသဇာတ်လမ်းပုံစံ “ရှယ်အော်လံ” ရုပ်ရှင်ဇာတ်ကားကြီး အောင်မြင်မှုအတွက် ဂုဏ်ပြုညစာစားပွဲကို ဩဂုတ် ၂၂ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ Malibu Kandawgyi မှာ ကျင်းပခဲ့ရာ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဒါရိုက်တာကိုဇော် (အရုဏ်ဦး)၊ နေဝင်း၊ တိုင်ရွန်၊ ခင်လှိုင် စတဲ့သူတွေတက်ရောက်ခဲ့ကြပါတယ်။

“ဒီနေ့အရမ်းပျော်တယ်။ ရှယ်အော်လံ အောင်မြင်လို့ ပျော်တာထက် အခု ဒီနေ့ ညစာစားပွဲလေးကို ပျော်တာထက် ကျေနပ်နေတာပါ။ ဦးခင်လှိုင်တို့ မင်းသားမင်းသမီးတွေအတွက် ပြုလုပ်ပေးတဲ့ပွဲ မဟုတ်ဘူး။ အရမ်းကျေနပ်စရာကောင်းတယ်။ ဇာတ်ကားအတွက် ပံ့ပိုးပေးတဲ့ နောက်ကွယ်က လူတွေလည်း ပါတယ်။ ဒီနေ့မှာ ပါဝင်ကြတဲ့ ကိုလူချောအဖွဲ့တွေရော ဇာတ်ပို့ဇာတ်ရံတွေအပြင် မင်းသားမင်းသမီးတွေ ကူညီအားဖြည့်ကြတဲ့ ဆရာသမားတွေကအစ အကုန်တစ်စုတစ်စည်းတည်း အတူပျော်ကြတဲ့ ညလေးပါ”လို့ သရုပ်ဆောင် ခင်လှိုင်က ပြောပါတယ်။

အဆိုပါအခမ်းအနားမှာ The Ray Film Production ထုတ်လုပ်ရေးဘက်က အမှတ်တရအနေနဲ့ လက်ဆောင်တွေပေးအပ်ခဲ့ပြီးတော့ တေးသီချင်းတွေနဲ့ သီဆိုဖျော်ကာ ပျော်ရွှင်စွာကျင်းခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဇာတ်လမ်း ဇာတ်ညွှန်း သက်ဦးမောင်က ရေးသားထားပြီး ဒါရိုက်တာ အကယ်ဒမီ ကိုဇော်(အရုဏ်ဦး)က သရုပ်ဆောင်တွေဖြစ်တဲ့ တိုင်ရွန်၊ အကယ်ဒမီနေဝင်း၊ အကယ်ဒမီစိုးမြတ်သူဇာ၊ ခြူးလေး၊ နော်ဖောအယ်ထား၊ ခင်လှိုင်၊ အကယ်ဒမီ မိုးဒီ၊ စုရှိုင်း၊ အကယ်ဒမီ ဝါဝါအောင်၊ နေလင်း၊ ငှက်ပျောကြော်၊ စူပါလင်း၊ သွက်လက် စတဲ့သူတွေနဲ့ ပါဝင်ရိုက်ကူးထားတာပါ။

“ရှယ်အော်လံ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်က မြန်မာတစ်နိုင်ငံလုံးရှိ အဆင်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *