September 20, 2024

◾️ ဒေါ်လာထုတ်ရောင်းချိန် ဈေးအနည်းငယ်သာကျပြီး မရောင်းချိန် ဈေးဆွဲတင်သည့် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၁၅၀ သာကျဆင်း

၂၃. ၈. ၂၀၂၄
Written by Nyein Kyaw

ဒေါ်လာသန်း ၁၀၀ ခန့် ထုတ်‌ရောင်းပေးခဲ့ချိန်၌သာ ဒေါ်လာဈေးနှုန်း ကျပ် ၆၀၀၀ အောက် ခဏသာကျဆင်းခဲ့ပြီး ကျပ် ၆၂၀၀ အထိ ပြန်လည်မြင့်တက်လာချိန်တွင် တစ်ဒေါ်လာ ကျပ် ၃၄၄၀ ဖြင့် ဒေါ်လာ ၃၁ သန်း ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း ဩဂုတ်လ ၂၂ ရက်တွင် ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်စာရင်းများအရ သိရသည်။

စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကြေညာခဲ့ပြီးနောက် တစ်ဒေါ်လာ ကျပ် ၃၄၀၀ ဝန်းကျင်ဖြင့် ဩဂုတ်လ ၁၅ ရက်တွင် ဒေါ်လာ ၉ ဒသမ ၄၈၉ သန်းနှင့် ဩဂုတ်လ ၁၉ ရက်တွင် ဒေါ်လာ ၈၉ ဒသမ ၉၇၅ သန်း စုစုပေါင်းဒေါ်လာသန်း ၁၀၀ ခန့် ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။

ယင်းသို့ ရောင်းချပေးခဲ့မှုကြောင့် တစ်ဒေါ်လာ ၆၃၅၀ အထိမြင့်တက်နေသည့် ဒေါ်လာဈေးနှုန်း ဩဂုတ်လ ၂၁ ရက် နံနက်ပိုင်းတွင် ကျပ် ၅၈၀၀ အထိ ခဏသာကျဆင်းခဲ့ပြီး ဩဂုတ်လ ၂၂ ရက် နံနက်ပိုင်း ဈေးနှုန်းဖွင့်ချိန်တွင် ကျပ် ၆၀၀၀ မှ ညနေပိုင်းတွင် ကျပ် ၆၂၀၀ အထိ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ဒေါ်လာ ၃၁ သန်း ထုတ်ရောင်းထားကြောင်း ဗဟိုဘဏ် ထုတ်ပြန်ပြီးနောက် ယမန်နေ့ ညပိုင်းတွင် ကျပ် ၆၁၀၀ သို့ ပြန်ကျဆင်းခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ကျပ် ၆၀၅၀ သို့ ပြန်ကျဆင်းလာ၍ ကျပ် ၁၅၀ သာကျဆင်းမှုရှိသည်။

လက်ရှိအချိန်တွင် ဒေါ်လာရောင်းချသူများသည် တစ်ဒေါ်လာ ကျပ် ၆၀၀၀ အောက်ကျဆင်းပါက ပေါက်ဈေးဖြင့် ဒေါ်လာထုတ်ရောင်းမှု မရှိတော့ခြင်းကြောင့် ဒေါ်လာမဖြစ်မနေလိုအပ်နေသူများအနေဖြင့် ပေါက်ဈေးထက် ဈေးနှုန်းမြှင့်ပေးဝယ်ရသည့် အခြေအနေများရှိကြောင်း ဒေါ်လာဝယ်ရောင်းလုပ်ကိုင်သူများထံမှ သိရသည်။

ဇူလိုင်လဆန်းမှစတင်ပြီး တစ်ဒေါ်လာ ကျပ် ၄၆၀၀ သို့ မြင့်တက်ခဲ့သဖြင့် ဇူလိုင်လအတွင်း ဗဟိုဘဏ်မှ ဒေါ်လာသန်း ၂၀ ကျော်နှင့် တရုတ်ယွမ် ၅ သန်း ထုတ်ရောင်းပေးခဲ့သော်လည်း ဇူလိုင်လကုန်တွင် တစ်ဒေါ်လာ ကျပ် ၅၀၀၀ ကျော်သို့ စတင်မြင့်တက်ခဲ့သည်။

တစ်ဒေါ်လာ ကျပ် ၅၀၀၀ ကျော်အထိ မြင့်တက်ခဲ့သဖြင့် နိုင်ငံခြားငွေများ ဆက်လက်ထုတ်ရောင်းပေးခဲ့ရာ ဩဂုတ်လ ၁ ရက်မှ ၂၂ ရက်အထိ ဒေါ်လာ ၁၄၂ သန်း၊ တရုတ်ယွမ် ၁၉ သန်းနှင့် ထိုင်းဘတ် ၇၉ သန်း ထပ်မံရောင်းပေးခဲ့ပြီးဖြစ်သော် လည်း နိုင်ငံခြား‌ငွေ ရောင်းပေးချိန် အနည်းငယ်သာ ဒေါ်လာဈေးကျဆင်းပြီး မရောင်းသည့်အချိန်များတွင် အဆမတန်ဈေးဆွဲတင်ခြင်းခံခဲ့ရ၍ ယခုဩဂုတ်လအတွင်း တစ်ဒေါ်လာ ကျပ် ၇၀၀၀ ကျော်အထိ မြင့်တက်ခဲ့မှုများပင်ရှိခဲ့သည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် ရက်အလိုက် အမြင့်ဆုံး တစ်ဒေါ်လာ ဈေးနှုန်းများမှာ ဩဂုတ် ၁၄ ရက်တွင် ကျပ် ၆၆၀၀၊ ဩဂုတ် ၁၅ ရက်တွင် ကျပ် ၆၅၀၀၊ ဩဂုတ် ၁၆ ရက်တွင် ကျပ် ၆၀၀၀၊ ဩဂုတ် ၁၇ ရက်တွင် ကျပ် ၆၃၀၀၊ ဩဂုတ် ၁၈ ရက်တွင် ကျပ် ၆၃၀၀၊ ဩဂုတ် ၁၉ ရက်တွင် ကျပ် ၆၃၅၀၊ ဩဂုတ် ၂၀ ရက် နံနက်ပိုင်းတွင် ကျပ် ၆၃၅၀ မှ ညနေပိုင်းတွင် ကျပ် ၆၁၀၀၊ ဩဂုတ် ၂၁ ရက်တွင် ကျပ် ၅၉၀၀၊ ဩဂုတ်လ ၂၂ ရက်တွင် ကျပ် ၆၂၀၀၊ ဩဂုတ် ၂၃ ရက်(ယနေ့) နံနက်ပိုင်းတွင် ကျပ် ၆၀၅၀ ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *