September 20, 2024

၂၂. ၈. ၂၀၂၄
Written by Nay Moe

ဘုရားဖူးတွေ ရဟန်းသံဃာတွေနဲ့ သက်ကြီးရွယ်အိုတွေကို လိုက်လံသတ်ဖြတ်နေလို့ စီးနင်းရှင်းလင်းခံရချိန်မှာ သေဆုံးသွားတဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) တပ်ဖွဲ့ဝင် လေးဦးမှာ နှစ်ဦးက KRF တွေဖြစ်ပြီး အခြားနှစ်ဦးက DVB သတင်းထောက်နဲ့ အလွတ်တန်းသတင်းထောက်၊ သတင်းထောက်နှစ်ယောက်ပါဝင်သေဆုံးသွားတယ်လို့ KRF က အတည်ပြုမှုအရ သိရပါတယ်။

ဖြစ်စဥ်က မနေ့က ဩဂုတ် ၂၁ ရက် နံနက် ၉ နာရီဝန်းကျင်ခန့်အချိန်မှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးကျေးရွာအုပ်စု၊ လက်ပြကျေးရွာက နေအိမ်တစ်အိမ်မှာ KRF တပ်ဖွဲ့ဝင်တွေ ရောက်ရှိနေတယ်သတင်းအရ လုံခြုံရေးတပ်ဖွဲ့က စီးနင်းချိန်မှာ တိုက်ပွဲဖြစ်ပွားပြီး လေးဦးအသေမိခဲ့တာပါ။ စီးနင်းခံရတဲ့နေအိမ်ဟာ အလွတ်တန်း သတင်းထောက် ထက်မြက်သူဆိုသူရဲ့ နေအိမ်ဖြစ်နေပြီး သူ့ရဲ့ငယ်ပေါင်းကြီးဖော် DVB CJ သတင်းထောက် ဝင်းထွဋ်ဦး (ခ) ဖိုင်ဇယ် ဆိုသူနဲ့ ထက်မြက်သူပါ သေဆုံးတဲ့အပြင် KRF အဖွဲ့ဝင် ၃ ဦးအနက် ရဲဘော် အဝင်းနဲ့ ရဲဘော် ကျင်ဝှက် တို့ပါ တိုက်ပွဲမှာ သေဆုံးခဲ့တာပါ။

ဒီဖြစ်စဥ်အပေါ် DVB သတင်းဌာနကလည်း KRF တပ်ဖွဲ့ဝင်တွေကို စီးနင်းချိန် သေဆုံးသူ ၄ ဦးထဲမှာ DVB ရဲ့ CJ သတင်းထောက်နဲ့ အလွတ်တန်းသတင်းထောက်တို့ပါဝင်တယ််လို့လည်း အတည်ပြုထားပြီး DVB သတင်းထောက်နဲ့ အလွတ်တန်းသတင်းထောက်က ကျိုက်ထိုနယ်မှာ ဘုရားဖူးတွေ၊ ရဟန်းသံဃာတွေပါမချန် သတ်ဖြတ်နေတဲ့ KRF တပ်ဖွဲ့ဝင်တွေနဲ့ ဘာကြောင့် အတူတူရှိနေတာလဲဆိုတဲ့အပေါ်တော့ သတင်းထောက်တွေက KRF တပ်ဖွဲ့ဝင်တွေနဲ့ ချိတ်ဆက်သတင်းယူတဲ့အသွင်၊ KRF တွေက လက်နက်မပါ ယူနီဖောင်းမပါဘဲ လာရောက်လည်ပတ်တဲ့အသွင်သာ ငြင်းဆို သတင်းဖော်ပြထားတာ တွေ့ရပါတယ်။

KRF ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၃ ရက်က စတင်ထူထောင်ခဲ့ပြီး သူတို့ရဲ့ နှစ်နစ်ပြည့် သဝဏ်လွှာမှာတော့ လမ်းတံတား အဆောက်အအုံ ၁၀၀ ကျော် ဖျက်ဆီးပြီး လူ ၁၆၀ ကျော် သတ်ထားတဲ့အပြင် လူ ၁၅၀ ကျော်လည်း ဒဏ်ရာရအောင် တိုက်ခိုက်ထားတယ် ​ပြောပါတယ်။

ဒါ့အပြင် ဒီနှစ်ပိုင်းထဲမှာဆိုရင်လည်း ဇန်နဝါရီ ၁၉ ရက်မှာ မုပ္ပလင်ကျေးရွာနေ အသက် ၆၈ နှစ်အရွယ် ဦးတင်အေး၊ ဇန်နဝါရီ ၃၁ ရက်မှာ ဗိုလ်ကြီးထွန်းထွန်းနဲ့ အဖွဲ့ဝင်သုံးဦး၊ ဖေဖော်ဝါရီ ၂၃ ရက်က မုပ္ပလင်လမ်းဆုံဂိတ်တိုက်ခိုက်မှုမှာ လုံခြုံရေးတပ်ဖွဲ့ဝင် သုံးဦး၊ မတ်လ ၂၄ ရက်မှာ တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူးဦးစံလွင်ကို တိုက်ခိုက် သတ်ဖြတ်ခဲ့သလို မတ်လ ၂၅ ရက်မှာလည်း ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းရွာ ကျောက်ဖြူတောင်ကျောင်းဆရာတော်ဦးစန္ဒိမာနဲ့ စင်တော်လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဦးတင်ငြိမ်းတို့ကို ပစ်သတ်ခဲ့ပြီး ဧ​ပြီ ၁ ရက်ကလည်း ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်၊ ဇီဇဝါမြောက်ပိုင်းမှာ ဓာတ်စက်အငှားဖွင့်သူ အသက် ၇၀ အရွယ် ဦးမြအေးကိုလည်း သတ်ဖြတ်ထားပါသေးတယ်။

အဲဒီလိုလုပ်ဆောင်မှုအပြင် KRF ဟာ ပြီးခဲ့တဲ့ ဧပြီ ၃ ရက် နေ့လယ် ၃ နာရီခွဲဝန်းကျင်မှာ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးအကူ ဦးကျော်ကျော်ကို KRF နဲ့ ကျိုက်ထို ပကဖ ပူးပေါင်းအဖွဲ့က စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး ဦးစန်းမောင်ဆီဆိုင်ရှေ့မှာ အချက်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်လို့ နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ဒီလိုသတ်ဖြတ်မှုတွေအပြင် KRF ဟာ ကျိုက်ထိုမြို့မရဲစခန်းက နယ်ထိန်းရဲတပ်သား ဝင်းထက်၊ ရဲတပ်သား ကြည်သာ(ခ)ဖိုးအောနဲ့ သထုံခရိုင်ရဲတပ်ဖွဲ့က ရဲတပ်သားကောင်းထက်ကျော် (ခ) ကျန်ကျောင်းတို့ကို ဇူလိုင် ၇ ရက် ညနေ ၃ နာရီခန့်က ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းချောင်းကျေးရွာ၊ ကဒက်ချောင်းမှာ ဖမ်းဆီးထားတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

KRF အဖွဲ့ဟာ အဂတိလိုက်စားမှုပေါင်းများစွာနဲ့ ထောင်နှစ်ရှည်ကျခံနေရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံရဲ့ ကိုယ်ရေးအရာရှိဟောင်း ရဲပြေးအေးမင်းထွန်းဦးဆောင်တဲ့အဖွဲ့ဖြစ်ပြီး သူတို့က ကျိုက်ထိုနယ်မှာ ကျက်စားသလို တံတားချိုးတာ၊ လူသတ်တာကို လုပ်ဆောင်နေတဲ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာ ၁၂ ရက်ကလည်း ကျိုက်ထီးရိုးဘုရားဖူးဂိတ်ကို ပစ်ခတ်တိုက်ခိုက်လို့ ဘုရားဖူးပြည်သူ ၄ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာ DVB သတင်းထောက်နဲ့ အလွတ်တန်းသတင်းထောက်တစ်ဦး၊ KRF တပ်ဖွဲ့ဝင် နှစ်ဦးတို့ သေဆုံးရတဲ့ သတင်းရရှိမှုကလည်း ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်မှာ PDF တွေကို သတင်းပေးတယ်ဆိုပြီး ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့က ရဲမှူးဇော်ဇော်၊ ဩဂုတ် ၁၄ ရက်မှာ ကျိုက်ထိုမြို့မရဲစခန်းက ရဲအုပ်ပြည်သူရစိုးနဲ့ မေလ ၅ ရက်မှာ ကျိုက်ထိုမြို့မရဲစခန်းက နယ်ထိန်း စိုးရာဇာ၊ နယ်ထိန်း ဝဏ္ဏထွန်းနဲ့ ယာဉ်ထိန်းရဲတပ်ကြပ် အောင်နိုင်ဦးတို့သုံးဦး စုစုပေါင်း ၅ ဦးတို့ကို PDF နဲ့ ဆက်နွှယ်သတင်းပေးမှုကြောင့် ဖမ်းဆီးပြီးမှ ရှင်းလင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *