၂၂.၈. ၂၀၂၄
Written by Thettant
၂၀၂၄ ခုနှစ် ပထမ (၇) လတာကာလအတွင်း မြန်မာနိုင်ငံဆီကို နိုင်ငံခြားခရီးသွား ၇ သိန်းနီးပါး လာရောက်လည်ပတ်ခဲ့တယ်လို့ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဇော်မြင့်က ပြောပါတယ်။
ဒီပမာဏဟာ ယမန်နှစ်အလားတူကာလက ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားခရီးသွားဧည့်သည်ဦးရေ ၆၁၀,၀၀၀ နဲ့ နှိုင်းယှဉ်မယ်ဆို မြင့်တက်လာတဲ့ပမာဏဖြစ်သလို ခရီးသွား အများစုက တရုတ်၊ ထိုင်း၊ တောင်ကိုရီးယား၊ ဂျပန်စတဲ့ နိုင်ငံတွေက ဖြစ်တယ်လို့လည်း ဦးတင်ဇော်မြင့်က ပြောပြီး ယမန်နှစ်က မြန်မာနိုင်ငံဆီ ကမ္ဘာလှည့်ခရီးသွား ၁ သန်းကျော် လာရောက်ခဲ့တယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ ခရီးသွားကဏ္ဍမြှင့်တင်ဖို့အတွက်လည်း ကြိုးပမ်းနေပြီး ဒီနှစ် စက်တင်ဘာ ၂၇ ရက်မှာလည်း ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို ကျင်းပမှာဖြစ်ပြီး ၂၀၂၄ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အဖြစ် ကျပန်းစကားပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ ၊ ဆောင်းပါးပြိုင်ပွဲတွေနဲ့ ဓာတ်ပုံပြပွဲ၊ ခရီးသွားမှုမြှင့်တင်ရေး Short video clip ပြိုင်ပွဲတွေကို စီစဉ်ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။