September 20, 2024

၂၁.၈. ၂၀၂၄
Written by Shwe Phyo

မလေးရှားရဲတပ်ဖွဲ့သည် သြဂုတ် ၂၀ ရက်နေ့ကဖြစ်ပွားခဲ့သော မြန်မာအမျိုးသမီးတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး သားအကြီးဆုံးဖြစ်သူကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည်နယ်၊ ရှာအလန်မြို့ရှိရဲတပ်ဖွဲ့အကြီးအကဲ အီဘရာဟင်သည် Seksyen 25 အရပ်ဒေသရှိအိမ်တွင် အမျိုးသမီးတစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက်ပိုင်း သွားရောက်စစ်ဆေးခဲ့ရာ မြန်မာအမျိုးသမီးသည် အသက်မသေဆုံးခင် ထိုးသွင်းဒဏ်ရာအများအပြားဖြင့် ဓားထိုးသွင်းခံဒဏ်ရာရခြင်းကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အသတ်ခံရသော အမျိုးသမီးသည် သားဖြစ်သူနှင့် ရန်ဖြစ်ရာမှ အသတ်ခံရခြင်းဖြစ်ပြီး လူသတ်မှုဖြစ်ပွားချိန်တွင် မြန်မာအမျိုးသမီး၏ခင်ပွန်းက အလုပ်တွင် အလုပ်လုပ်နေချိန်ဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောသည်။

မလေးရှားရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သူ အီဘရာဟင်က အဆိုပါလူသတ်မှုနှင့်ပတ်သက်ပြီး မျက်မြင်သက်သေများကို စစ်ဆေးခဲ့ကြောင်း၊ အသက် ၂၀ အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးကို လူသတ်မှုအတွက် သံသယရှိကာ သြဂုတ် ၂၀ ရက်နေ့ ညပိုင်းတွင်ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြောသည်။။

ဖမ်းဆီးခဲ့သော မြန်မာနိုင်ငံသားသည် အသတ်ခံရသောမြန်မာအမျိုးသမီး၏ သားအကြီးဆုံးဖြစ်ပြီး ယခင်က ရာဇဝတ်မှုများကျူးလွန်ခဲ့ဖူးသောမှတ်တမ်းနှင့် စိတ်ရောဂါ မရှိကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောသည်။

ရှာအလန်မြို့ရှိရဲတပ်ဖွဲ့အကြီးအကဲ အီဘရာဟင်က” ကျွန်တော်တို့ဟာ လူသတ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ လက်နက်ကို တွေ့ရှိသိမ်းဆည်းခဲ့တယ်။ သားအမိ နှစ်ဦးဟာ ငွေကြေးကိစ္စနဲ့စကားများရာကနေ ရန်ဖြစ်ခဲ့ပြီး လူသတ်မှုကျူးလွန်ခဲ့တာမျိုးဖြစ်တယ်။” ဟုပြောသည်။

မလေးရှားရဲတပ်ဖွဲ့သည် မိခင်ဖြစ်သူကို သတ်ခဲ့သော အသက် ၂၀ အရွယ်ရှိ မြန်မာနိုင်ငံသားကို လက်ရှိအချိန်တွင် လူသတ်မှုပုဒ်မဖြစ်သော ပုဒ်မ ၃၀၂ ဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။

REF thestar

Leave a Reply

Your email address will not be published. Required fields are marked *