September 20, 2024

၂၂. ၈. ၂၀၂၄
Written by Nyein Kyaw

မျောက်ကျောက်ရောဂါ ကာကွယ်နိုင်ရန် နိုင်ငံတကာလေဆိပ်များနှင့် နယ်စပ်ဝင်/ထွက်ပေါက်များမှ ဝင်ရောက်လာသူများကို ကျန်မာရေးဆိုင်ရာ ကြေညာချက်များ (Health Declaration Card) ဖြည့်သွင်းသတင်းပို့ခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်းတို့ကို ယနေ့တွင် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်းကြီးဌာနမှ ယနေ့တွင် ဖြေကြားထားသည်။

မျောက်ကျောက်‌ရောဂါကာကွယ်နိုင်ရန် လေဆိပ်အဝင်အထွက်များတွင် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို ကျန်းမာရေးဝန်ကြီးဌာန အစီအမံများအား သိရှိလိုကြောင်း မီဒီယာများက မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာလေဆိပ်များနှင့် နယ်စပ်ဝင်/ထွက်ပေါက်များတွင် ရောဂါစောင့် ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ဩဂုတ်လ ၂၂ ရက် (ယနေ့) နံနက်ပိုင်းမှစတင်၍ ရန်ကုန်နှင့် မန္တလေးရှိ နိုင်ငံတကာလေဆိပ်များတွင် ဝင်ရောက်လာသူများနှင့် နယ်စပ်ဝင်/ထွက် ပေါက်များတွင် ဝင်ရောက်လာသူများအား ကျန်းမာရေးဆိုင်ရာ ကြေညာချက် (Health Declaration Card) များကို ပြည့်စုံစွာဖြည့်သွင်းသတင်းပို့စေခြင်း၊ ဝင်ရောက် လာသူများတွင် ရောဂါသံသယလက္ခဏာများကို စောင့်ကြည့်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း စသည်တို့ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖြေကြားထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ (WHO) မှ Mpox (မျောက်ကျောက်ရောဂါ ကူးစက်မှု) အား နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC) အဖြစ် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် ကြေညာထားသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန (MOH) ၏ လုပ်ထုံးလုပ်နည်းများအရ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ခရီးသည်များအားလုံးအနေဖြင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ ဖြည့်သွင်းမှု (HDCs) အား ဖြည့်စွက်ပြီး လူဝင်မှုကြီးကြပ်ရေးကောင်တာများအား မဖြတ်သန်းမီ သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းများထံ တင်သွင်းရမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှလည်း ယနေ့တွင် အသိပေး ကြေညာထားသည်။

လက်ရှိတွင် ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ(DRC)နှင့် အာဖရိကတိုက်ရှိ နိုင်ငံများတွင် Mpox (မျောက်ကျောက်)ရောဂါ ကူးစက်ဖြစ်ပွားမှုအရှိန်မြင့်တက်လာခြင်း၊ ဒီမိုကရက်တစ် ကွန်ဂိုနိုင်ငံအရှေ့ပိုင်းတွင် ရောဂါပိုးမျိုးကွဲအသစ် (Clade Ib) လျင်မြန်စွာကူးစက်ပျံ့နှံ့လာပြီး နယ်စပ်ဖြတ်ကျော်နှင့် နိုင်ငံတကာ ကူးစက်ပျံ့နှံ့မှုများ ရှိနေခြင်းတို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ယခုဩဂုတ်လ ၁၄ ရက်တွင် Mpox (မျောက်ကျောက်) ရောဂါကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ပြန်လည်ကြေညာထားသည်။

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ဖျား၍ မျက်နှာ၊ လက်၊ ခြေထောက်၊ ပါးစပ်နှင့် လိင်အင်္ဂါများတွင် အနီကွက်များနှင့်အတူ အရည်ကြည်ဖုများပေါက်ခြင်း၊ ပြန်ရည်အိတ် (lymph node) များ ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ မောပမ်းနွမ်းနယ်ခြင်း အစရှိသော လက္ခဏာများရှိခြင်း၊ ဖျားခြင်းနှင့် အနီစက်/အရည်ကြည်ဖုထွက်ခြင်း ရောဂါ လက္ခဏာ ခံစားနေရသူများ (အထူးသဖြင့် ရောဂါပိုးတွေ့ရှိရာ နိုင်ငံ/ဒေသများမှ လွန်ခဲ့သော ၂၁ ရက်အတွင်း ပြန်လာသူများ)နှင့် ထိတွေ့မိခြင်းရှိပါက နိုင်ငံတကာ (သို့မဟုတ်) ပြည်တွင်း ခရီးသွားခြင်းကို ရှောင်ကြဉ်သင့်ပြီး နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့၍ ကုသမှုခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်မှ လက်ရှိအချိန်အထိ သံသယလူနာများ၏ ဓာတ်ခွဲနမူနာ ၁၂၉ ခုအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာတွင် Mpox (မျောက်ကျောက်) ရောဂါ အတည်ပြုလူနာ မရှိသေးကြောင်း ထုတ်ပြန်ထားသည်။

ပုံစာ- ကိုဗစ်-၁၉ ရောဂါပျံ့နှံ့ခဲ့စဉ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Health Declaration Card ဖြည့်သွင်းသတင်းပို့ခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်းများ ဆောင်ရွက်ခဲ့မှုကို တွေ့ရစဉ်။

Leave a Reply

Your email address will not be published. Required fields are marked *