September 20, 2024

၂၂. ၈. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှာ တရုတ်နိုင်ငံက ထိုင်းနိုင်ငံနဲ့ ပူးပေါင်းပြီး Falcon Strike 2024 အမည်ရှိ စစ်ရေးလေ့ကျင့်မှုတွေကို ဩဂုတ်လ ၁၈ ရက်ကစတင်ပြီးပြုလုပ်ခဲ့တာမှာ ဩဂုတ်လ ၂၉ ရက်အထိပြုလုပ်သွားမှာဖြစ်တယ်လို့ တရုတ်အစိုးရပိုင် စီစီတီဗွီ သတင်းဌာနက သတင်းထုတ်ပြန် ဖော်​ပြမှုအရ သိရပါတယ်။

တရုတ်အစိုးရကလည်း ဒီပူးတွဲစစ်ရေးလေ့ကျင့်မှု အသေးစိတ်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး အထူးတပ်ဖွဲ့ တွေလည်း ပထမဆုံးအကြိမ်အဖြစ် ပါဝင်လာမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့်လည်း အကဲဖြတ်တွေက ဒီနှစ် တရုတ်နဲ့ထိုင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုက အထူးတပ်ဖွဲ့တွေပါဝင်မှုနဲ့အတူ ရှုမြင်ချက်အသစ် ရှိတယ်လို့ယူဆရမှာဖြစ်ပြီး စစ်ပွဲငယ်တစ်ခုအတွက် လိုအပ်မှုတွေအားလုံးပါဝင်တယ်လို့တောင် သုံးသပ်ခဲ့ကြပါတယ်။

စီစီတီဗွီ သတင်းဌာနကလည်း Falcon Strike 2024 စစ်ရေးလေ့ကျင့်မှုက နှစ်နိုင်ငံအကြား အရင်က ပြုလုပ်ခဲ့ဖူးတဲ့ စစ်ရေးလေ့ကျင့်မှုတွေထက် ပိုမိုကျယ်ပြန့် ရှုပ်ထွေးမှုရှိမယ်လို့ အသံလွှင့်ခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုမှာ နယ်စပ်ဖြတ်ကျော်ထောက်ပံ့မှု၊ တပ်ဖွဲ့များခင်းကျင်းမှု၊လေကြောင်းရန်ပူးတွဲကာကွယ်မှု၊ အဟန့်အတားဖြစ်စေမှုနဲ့ တာဝန်ထမ်းဆောင်ချက်ကို ပြန်လည်အစီရင်ခံမှု စတာတွေပါဝင်တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် စီစီတီဗွီက စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်အသုံးပြုမယ့်တပ်ဖွဲ့အင်အားတွေမှာတော့ အထူးတပ်ဖွဲ့တွေ၊ စစ်လေယာဉ်တွေ နဲ့ ရဟတ်ယာဉ်တွေ ပါဝင်ကြမှာဖြစ်ပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်မြှင့်တင်ဖို့နဲ့ နှစ်နိုင်ငံစလုံးရဲ့ လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ပြုလုပ်ရခြင်းလို့ ပြောခဲ့ပါတယ်။

နှစ်ဖက်စလုံးက တပ်မှူးတွေအနေနဲ့ သူတို့တပ်ဖွဲ့တွေရဲ့ နည်းဗျူဟာပိုင်းနဲ့ နည်းပညာပိုင်း ကျွမ်းကျင်မှုတွေကို ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုက ကောင်းမွန်စေမယ်လို့ယုံကြည်ကြတယ်လို့လည်း စီစီတီဗွီက ဆိုပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ စစ်ရေးအကဲဖြတ်ပုဂ္ဂိုလ် Fu Qianshao က ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုက ပိုမိုအရေးကြီးပြီးထူးခြားတဲ့ အပြောင်းအလဲတွေနဲ့ ပြုလုပ်တာဖြစ်တယ်။ အဆင့်ငါးဆင့်ပါ စစ်ရေးလေ့ကျင့်မှုတွေမှာ စစ်ပွဲငယ်တစ်ခုအတွက် လိုအပ်တဲ့ အခြေခံအင်အားစုတွေ အားလုံးပါဝင်မှာဖြစ်တယ်။ တရုတ်နဲ့ ထိုင်းနိုင်ငံအကြား စစ်ရေးလေ့ကျင့်မှုတွေက ပူးတွဲလေ့ကျင့်မှုအပေါ်မှာပဲ အလေးထားအာရုံစိုက်ခဲ့ကြရာက အခုအခါ တကယ့် တိုက်ပွဲဝင်သဘာဝအ ခြေအနေကို ပြောင်းလဲအာရုံစိုက်လာတာလို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီးတော့ Fu က ဒီနှစ်မှာ အထူးတပ်ဖွဲ့တွေနဲ့ ရဟတ်ယာဉ်တွေပါ ပါဝင်လာတာက ဒီစစ်ရေးလေ့ကျင့်မှုမှာ ရှုမြင်ချက်အသစ်ရှိတယ်လို့ဆိုရမှာဖြစ်ပြီး အထူးသဖြင့် ရဟတ်ယာဉ်တွေက အမြင့်ပေ အနိမ့်ကနေ ချဉ်းကပ်မှုပြုကာ လေထီးမလိုဘဲ တပ်ဖွဲ့တွေကို အဓိကအရေးကြီးတဲ့နယ်မြေတွေကို ရောက်ရှိစေနိုင်မှာဖြစ်တယ်လို့ ပြောခဲ့ပါသေးတယ်။

တရုတ်နဲ့ ထိုင်းနိုင်ငံတို့ဟာ လေတပ်ဖွဲ့တွေရဲ့ နှစ်စဉ် စစ်ရေးလေ့ကျင့်မှုတွေကို ၂၀၁၅ ခုနှစ်ကစလို့ ပြုလုပ်ခဲ့တာပါ။ ဒါပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှစ်နှစ်ခန့် မပြုလုပ်နိုင်ခဲ့ပါဘူး။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ သင်တန်းပို့ချသူဟောင်းတစ်ဦးဖြစ်တဲ့ Song Zhongping ကလည်း တရုတ်လေတပ်ရဲ့ တာဝေးပျံ Y-20 သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးတွေက အထူးတပ်ဖွဲ့ တွေနဲ့အတူပါဝင်လာခြင်းက ဒီစစ်ရေးလေ့ကျင့်မှုမှာ ထူးခြားတဲ့အင်အားစုတစ်ရပ်ဖြစ်တယ်။ ကြည်းတပ်နဲ့ ရေတပ်တို့က အထူးတပ်ဖွဲ့တွေလည်းပါဝင်မှာဖြစ်လို့ ဒီတပ်ဖွဲ့တွေကို လေကြောင်းမှချပေးကာ ရန်သူ့နယ်မြေအတွင်းပိုင်းထိနက်ရှိုင်းစွာဝင်ရောက်ပြီး အရေးကြီးတဲ့လူတွေကို ဖမ်းဆီးနိုင်ဖို့ လေ့ကျင့်မှုတွေလည်း ပါလိမ့်မယ်ထင်တယ်။ ဒါကြောင့်လည်း ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုက လေတပ်ဖွဲ့နည်းဗျူဟာတွေကို လေ့ကျင့်မှုသပ်သပ်မဟုတ်တော့ဘဲ တိုက်ခိုက်ရေးတပ်တွေနဲ့ပါ ပူးတွဲလေ့ကျင့်မှုဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။

Falcon Strike 2024 စစ်ရေးလေ့ကျင့်မှုကို ယူဒုန် ထိုင်းတော်ဝင်လေတပ်ဖွဲ့စခန်းမှာပြုလုပ်မှာဖြစ်ပြီး အရင်က အမေရိကန်လေတပ်က အသုံးပြုခဲ့တာပါ။ အရှေ့တောင်အာရှမှာ အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးလာမှုကို တုံ့ပြန်ဖို့ ကျယ်ပြန့်တဲ့ မဟာဗျူဟာရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နိုင်ငံအနေနဲ့ ဒေသအတွင်း ကာကွယ်ရေးဆက်ဆံမှုတွေ တိုးမြှင့်ခိုင်မာဖို့ဆောင်ရွက်လာတာ ပူးတွဲစစ်ဆင်ရေးလည်း အပါအဝင်လို့ ဆိုရမှာပါ။

၂၀၂၄ ခုနှစ်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ကမ္ဘောဒီးယား၊ လာအိုတို့နဲ့လည်း ပူးတွဲစစ် ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တဲ့အပြင် ယခုအပတ်အတွင်း ဗီယက်နမ်ခေါင်းဆောင် တိုလမ်းရဲ့ တရုတ်နိုင်ငံသို့ အလည်ခရီးစဉ်အတွင်းမှာလည်း နှစ်နိုင်ငံလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ သဘောတူခဲ့ကြပါသေးတယ်။

အရှေ့တောင်အာရှရဲ့ ကုန်းတွင်းပိုင်းဒေသမှာ အမေရိကန်ရဲ့ တစ်ခုတည်းသော မဟာမိတ်ဖြစ်တဲ့ ထိုင်းနိုင်ငံ ကတောင် အခုဆို တရုတ်နိုင်ငံကို ဒေသတွင်း ဩဇာ အာဏာကျယ်ပြန့်စေနိုင်ဖို့ အခွင့်အလမ်းတစ်ရပ်ကို လက်ကမ်းခဲ့တာလို့ ဒီပူးတွဲစစ်ဆင်ရေးကိုဆိုရမှာပါ။ထိုင်းနိုင်ငံအဖို့လည်း ၂၀၁၄ ခုနှစ်မှာ တပ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက အမေရိကန်အစိုးရရဲ့ ဖိအားပေးမှုကိုခံနေခဲ့ရတာပါ။

ဒီလိုအခြေအနေမှာ တရုတ်နိုင်ငံကလည်း ထိုင်းအစိုးရနဲ့ စစ်ဘက်ဆက်ဆံမှုတွေ တိုးမြှင့်တည်ဆောက်ခဲ့ကာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီး သူ့ရဲ့ လက်နက်ခဲယမ်း စစ်ဖက်ကိရိယာတွေကို ထိုင်းနိုင်ငံကို ရောင်းချနိုင်ဖို့လည်းကြိုးစားနေတာပါ။

ဒါကြောင့်လည်း ဒီနှစ်မှာ ထူးခြားအဆင့်မြှင့်လာတဲ့ တရုတ်နဲ့ထိုင်းတို့ရဲ့ Falcon Strike 2024 ပူးတွဲစစ်ရေးလေ့ကျင့်မှု နှစ်နိုင်ငံစစ်တပ်တွေအကြား သာမန်စစ်ရေးလေ့ကျင့်မှု ပူးပေါင်းဆောင်ရွက်ခြင်းမျိုးမကတော့ဘဲ နောက်ကွယ်က နိုင်ငံရေးအရ ဦးတည်ချက်တွေလည်း ပါဝင်နေလိမ့်မယ်လို့ သုံးသပ်လိုပါတယ်။

Ref- SCMP

Leave a Reply

Your email address will not be published. Required fields are marked *