September 20, 2024

ပုံစာ- မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် အငြိမ်းစာဝန်ထမ်းများ ပင်စာလစာ ထုတ်ယူခဲ့မှုကို တွေ့ရစဉ် (Photo-MOI)

၂၂. ၈. ၂၀၂၄
Written by Nyein Kyaw

အငြိမ်းစားများအတွက် အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀ အား မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်ရုံးချုပ် (နေပြည်တော်) မှ တာဝန်ရှိသူက MT News သို့ အတည်ပြုပြောကြားသည်။

“ဒီနေ့စထုတ်‌ပေးနေတယ်။ နီးစပ်ရာဘဏ် ဘယ်မှာထုတ်ထုတ်ရတယ်။ ထုတ်ပေးတဲ့ပုံစံနဲ့ ကန့်သတ်ချက်တွေကိုတော့ ကိုယ်ထုတ်မယ့်နေရာမှာ မေးကြည့်လိုက်ရင်ရပါတယ်” ဟု မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများ၏ စားဝတ်နေရေးသက်သာ ချောင်လည်မှုရှိစေရန်အတွက် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ ကျပ် ၃၀၀၀၀ နှုန်းဖြင့် ၂၀၂၃ ခုနှစ်အောက်တိုဘာမှ စတင်ကာ လစဉ်ခံစားခွင့်ပြုခဲ့သည်။

ထို့ပြင် လက်ရှိလစဉ်ထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀ အပြင် ထပ်မံ၍ ကျပ် ၃၀၀၀၀ ကို အပိုထောက်ပံ့ကြေးနှင့် ပင်စင်ခံစား နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက်လည်း အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ ကျပ် ၃၀၀၀၀ ကို ယခုဩဂုတ်လ ၁ ရက်မှ စတင်ခံစားခွင့်ပြုခဲ့ခြင်းဖြစ်သည်။

“အငြိမ်းစားဝန်ထမ်းတွေအတွက် အခုဩဂုတ်လမှာ ခံစားခွင့်စပြုတာပေါ့။ လစာက သုံးလတစ်ကြိမ် ထုတ်ရတာ။ ပင်စင်လစာကို ၂၂ ရက်မှာ ထုတ်ပေးတာဆိုတော့ သုံးလပြည့်တဲ့သူတွေကတော့ ဒီနေ့ စထုတ်တာ။ မပြည့်သေးတဲ့သူကတော့ ပြည့်တဲ့လမှ ထုတ်ရမှာ” ဟု တာမွေမြို့နယ်မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းတစ်ဦးက ပြောသည်။

အငြိမ်းစားယူပြီးနောက် နိုင်ငံ့ဝန်ထမ်းအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်နေသူများ၊ ကျွမ်းကျင်၊ အကြံပေးအဖြစ် ဝင်ရောက်လုပ်ကိုင်သူများအနေဖြင့် ရာထူးလစာပေါ်တွင် အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုပြီးဖြစ်၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀ အား ခံစားခွင့်မရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ ကြေညာထားသည်။

အငြိမ်းစားယူပြီးနောက် နိုင်ငံ့ဝန်ထမ်း၊ နေ့စား၊ ကျွမ်းကျင်၊ အကြံပေးအဖြစ် ပြန်လည် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် တာဝန်ပြီးဆုံးပါက သက်ဆိုင်ရာပုဂ္ဂိုလ်မှ ပင်စင်လစာထုတ်ယူနေသော မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ ပင်စင်အတွက် အပိုထောက်ပံ့ကြေး လျှောက်ထား၍ ခံစားနိုင်ကြောင်း ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *