MT News
Written by Ye Kyaw
ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ အာဆီယံဒေသတွင်း နိုင်ငံများနှင့် စီးပွားရေးကွန်ယက်များ ချိတ်ဆက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။
နိုင်ငံတော်နှင့် ပုဂ္ဂလိကစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကဏ္ဍပေါင်းစုံပါဝင်သော မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များအသင်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင်ဖွဲ့စည်းခဲ့ပြီး GIZ ၏ ပံ့ပိုးမှုဖြင့် တည်ထောင်ထားသော SME Web Portal ကို လွှဲယူလက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ဒီ Web Portal ကနေ ASEAN ACCESS Regional Portal ကို ချိတ်ဆက်ပြီးတော့ ဒေသတွင်း စီးပွားရေးကွန်ရက်အတွင်း နိုင်ငံသားများရဲ့ အလုပ်အကိုင် အခွင့်အလမ်းနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်ပေးနေပါတယ်” ဟု ဦးဇော်မင်းဝင်းက ပြောသည်။
၂၀၁၅-၂၀၁၆ ခုနှစ်ကာလများတွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ ပြည်နယ်/တိုင်းဒေသကြီး နယ်စပ်များရှိ လုပ်ငန်းကုန်ပစ္စည်း အမျိုးအစားလိုက် ညီနောင်အသင်းများ ၅၁ သင်းသာရှိခဲ့ရာမှ လက်ရှိတွင် စုစုပေါင်း ၈၁ သင်းအထိ တိုးတက်လာခဲ့ကြောင်း သိရသည်။