September 20, 2024

၂၂. ၈. ၂၀၂၄
Written by Nyein Kyaw

SAC အစိုးရ တတိယတစ်နှစ်တာ ကာလအတွင်း မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် ဝင်ငွေကျပ် ၁၄၈ ဘီလျံကျော် ရရှိခဲ့ပြီး လျော်ကြေးငွေ ကျပ် ၁၅ ဘီလျံနီးပါး ပေးချေနိုင်ခဲ့သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံအကျိုး သယ်ပိုးဆောင်ရွက်ချက် (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ- ၂၀၂၄ ခုနှစ် ဇန်နဝါရီလ) မှတ်တမ်းတွင် ဖော်ပြထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ တတိယတစ်နှစ်တာကာလဖြစ်သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အတွင်း မြန်မာ့အာမခံလုပ်ငန်း၏ ရငွေအနေဖြင့် ရရှိခဲ့မှုမှာ ကျပ် ၁၄၈ ဒသမ ၂၃ ဘီလျံကျော်ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

လျော်ကြေးပေးချေမှုအနေဖြင့် အသက်အာမခံ၊ သူတစ်ပါးထိခိုက်မှုအာမခံ၊ မီး၊ အင်ဂျင်နီယာနှင့် အမျိုးအမျိုးအာမခံ၊ ရေကြောင်း၊ လေကြောင်းနှင့် ခရီးသွားအာမခံထားရှိသော ပြည်သူများနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်တွင် တိုက်ခိုက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)နှင့် ပဲခူးတိုင်းဒေသကြီးတွင် ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုဖြစ်စဉ်တို့တွင် အာမခံအကာကွယ်ထားရှိသော ပြည်သူများ၏ နစ်နာပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးငွေ စုစုပေါင်း ကျပ် ၁၄ ဒသမ ၉၀၂ ဘီလျံအား ပေးချေနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာ့အာခံလုပ်ငန်းအနေဖြင့် အထက်ပါ အာမခံလုပ်ငန်းများအပြင် ၁၉၉၆ ခုနှစ်ကတည်းက အသုံးပြုခဲ့သော အလုံးစုံမော်တော်ယာဉ် အာမခံပေါ်လစီကို လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးအခြေအနေများနှင့် ကိုက်ညီမှုရှိစေရေး၊ အာမခံဝန်ဆောင်မှုပေးသူနှင့် ဝယ်သူတို့အကြားတိကျမှု၊ မျှတမှုရှိသည့် အာမခံအကာအကွယ်သစ်များ ဖြည့်စွက်၍ နိုင်ငံတကာစံနှုန်းများနှင့်အညီ ပြင်ဆင်ရေးဆွဲကာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင်ကျင့်သုံးနိုင်ရန် ခွင့်ပြုပေးခဲ့သည်။

ထို့ပြင် နိုင်ငံတော်၏ ပြောင်းလဲလာသော စီးပွားရေးမူဝါဒအရ လျှပ်စစ်သုံးမော်တော်ယာဉ်များအား တင်သွင်းခွင့်ပြုခဲ့ပြီးနောက် ၎င်းလျှပ်စစ်သုံးမော်တော်ယာဉ်များအား အာမခံအကာအကွယ်ရရှိစေရန် အာမခံပေါလစီအပိုအကာအကွယ်နှင့် ပရီမီယံနှုန်း သတ်မှတ်ချက်များကို ရေးဆွဲပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစ၍ အထွေထွေအာမခံကုမ္ပဏီများအား လုပ်ကိုင်ခွင့်ကို တစ်နှစ်တိတိ စမ်းသပ်လုပ်ကိုင်ခွင့်ပြုပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *