၂၂. ၈. ၂၀၂၄
Written by Nay Moe
ပြီးခဲ့တဲ့ ဇူလိုင်လဆန်းထဲမှာ အရင်ဝတ်နေကျ နာရီအဟောင်းကို မဝတ်ဘဲ အနည်းဆုံးသိန်း ၃၀၀ ကျော်တန်တယ်ဆိုတဲ့ Hublot နာရီအသစ် ဝတ်ဆင်ရင်း Live လွှင့် ထမင်းစားပြခဲ့တဲ့ ကျားဖြူစစ်ကြောင်းက စစ်ကြောင်းမှူး ကိုဇွဲဟာ ထမင်းကို ကြွပ်ကြွပ်အိတ်ထုပ်ဒန်ပန်းကန်နဲ့ စားပြပေမဲ့ အသစ်လဲလိုက်တဲ့ သိန်း ၃၀၀ ကျော်တန် Hublot နာရီ၊ ဘေးနားမှာလည်း သောင်းချီတန်တဲ့ Absolut Raspberry အရက်ပုလင်းနဲ့ စားသောက်ပြနေတာကြောင့် တော်လှန်ရေးကာလ ကိုယ်ပိုင်ဝင်ငွေမရှိချိန် ဘယ်ကရတဲ့ငွေနဲ့ သိန်း ၃၀၀ ကျော်တန် နာရီ ဝယ်ဝတ်သလဲလို့ မေးခွန်းထုတ်ကြတာကို ဖြေရှင်းခဲ့မှုမရှိပေမဲ့ တစ်လမပြည့်ခင် ဩဂုတ် ၂၁ ရက်မှာပဲ ကျားဖြူစစ်ကြောင်းက နုတ်ထွက်သွားပြီဖြစ်ပါတယ်။
Live လွှင်ပြီး မကြာခဏအလှူခံတတ်လေ့ရှိတဲ့ ကိုဇွဲရဲ့ နုတ်ထွက်စာမှာလည်း ကျားဖြူစစ်ကြောင်းက Live လွှင့်တာ ကန့်သတ်လို့ဆိုတဲ့ အချက်ပါသလို ပြည်သူ့ဆီက အလှူခံပြီး သိန်းရာချီတန်နာရီဝတ်ထားမှုအပါအဝင် ဘယ်လိုဝေဖန်ဝေဖန် ပြည်သူ့လှူဒါန်းမှုကို ဆက်လက်ခံ အလှူခံမဲ့ သဘောမျိုး”သစ္စာစောင့်သိရတဲ့ အလံတော် ရှိတယ်။ မြတ်နိုးရတဲ့ ဘတ်တံဆိပ် ရှိတယ်။အခုတော့ မြတ်နိုးရတဲ့တခုကို စွန့်လွှတ်ရတယ်။ သတိတရ ရှိနေပါမယ်။ မန်းဇွဲ(ပုပ္ပါး) “နားမလည်သူတွေ အတွက် စကားပြေ “တော်လှန်ရေးအလံတော်အောက်မှာ ဆက်ရှိမယ်။ PDF ဘံတံဆိပ် မတပ်တော့ဘူး။ ဒီအကြောင်း တင်ပြရတာလဲ ရန်ပုံငွေအပေါ် လူထုအမြင်ရှင်းစေချင်လို့ပါ။ ကွဲကွဲပြားပြားသိပြီးမှ ထောက်ပံ့စေချင်လို့ပါ။ သွေးမကွဲကြပါနဲ့။ ဒါပါပဲခင်ဗျာ့(သတ်ပုံမူရင်း)” လို့ ပို့စ်တင်ရေးသားခဲ့ပါတယ်။
ကျားဖြူစစ်ကြောင်းရဲ့ စစ်ကြောင်းမှူးအဖြစ် တာဝန်ယူထားရာကနေ နုတ်ထွက်လိုက်တဲ့ ကိုဇွဲရဲ့ နုတ်ထွက်စာမှာဆို “ဒုတိယစစ်ထောက်ချုပ်က ရာထူးလိုချင်နေတာလို့ စွပ်စွဲတယ်ဆိုတဲ့အကြောင်း၊ အစိုးရကိုစော်ကားနေတာ၊ ရန်သူကို သတင်းပေးနေတာ၊ တပ်မဟာ ၁၊ ၃၊ ၅ ကို မယုံမကြည် မင်းဘာကြောင့်ဖြစ်နေတာလဲ” ဆိုပြီး ပုဂ္ဂိုလ်ရေးစော်ကားတာ၊ အရက်မူးပြီး လုံးဝ Live မလွှင့်ဖို့ လာတားတာတွေ မနှစ်သက်လို့ နုတ်ထွက်တယ်လို့ တင်ပြထားသလို NUG ရဲ့ တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ (၃) ကလည်း နုတ်ထွက်ခွင့်ပြုလိုက်တာပါ။