September 20, 2024

ဈေးဆိုင်မှ အရက်များဝယ်ပြီးအပြန် ယာဉ်တိုက်ခံခဲ့ရခြင်းဖြစ်ဟုဆို

၂၁.၈.၂၀၂၄
Written By Zun

ကိုရီးယားနိုင်ငံတွင် မီနီဖြတ်ကူးစဉ် ယာဉ်တိုက်ခံရကာသေဆုံးသွားသော မြန်မာလူငယ်၏ ဈာပနကို သြဂုတ်လ ၂၅ ရက်တွင် မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း ကိုရီယားရောက် မြန်မာနိုင်ငံသားများအား လိုက်ပါကူညီပေးနေသော ကိုဇော်မိုးအောင်(ကိုရီးယား)ထံမှ သိရသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူမှာ မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ရေပေါ်ကျွန်းရွာနေ ကိုကျော်မင်းသန့် အသက် ၂၇ နှစ်ဖြစ်ပြီး ကိုရီးယားနိုင်ငံ ဂယောင်ဂီပြည်နယ်၊ ယုန်အင်းမြို့၊ ကော်ဖီခွက်လက်ကိုင်အစွပ် (Cup Sleeve) ထုတ်စက်ရုံတွင် E9 ဗီဇာဖြင့် တရားဝင် အလုပ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက် နံနက် ၃ နာရီကျော် အချိန်ခန့်က ဖြစ်ပွားပုံမှာ ကိုကျော်မင်းသန့်နှင့် သူ၏ သူငယ်ချင်းတစ်ဦးက GS25 ဈေးဆိုင်မှ အရက်များဝယ်ပြီးအပြန် ဂယောင်ဂီပြည်နယ် ယုန်အင်းမြို့ရှိ လမ်းမပေါ်၌ မီးနီကို ဖြတ်ကူးစဉ် တစ်ဖက်ကမောင်းလာသော ယာဉ်နှင့်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် အခင်းဖြစ်ရာ အနီးရှိ ကိုရီးယားလူမျိုးတစ်ဦးက ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားသောကြောင့် ရဲများ ရောက်လာကာ ကားတိုက်မှုကို စစ်ဆေး မှတ်တမ်းယူခဲ့ကြောင်း၊  ရဲများက ၁၁၉ ကို ခေါ်၍ ယုန်အင်း ဒါဘိုစိ ဆေးရုံကြီးကို ပို့အပြီးတွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အဲဒီဈေးဆိုင်မှာ ဘီယာတစ်ဗူး သောက်ခဲ့ပါသေးတယ်။ ရှေ့ကမီးနီကို ပြေးကူးတဲ့ သူငယ်ချင်းက အုံး ဆိုတဲ့ အသံကြားလို့ လှည့်ကြည့်လိုက်မှာ ကိုကျော်မင်းသန့်ဟာ လမ်းမပေါ်မှာ လဲကျနေပါပြီ။ ယဉ်တိုက်မှုအနီးမှာ ရှိနေတဲ့ ကိုရီးယားသားတစ်ဦးက ကူညီကာ ရဲခေါ်ပြီး ဆေးရုံကို ပို့ပေးလိုက်တာပါ။ ကိုကျော်မင်းသန့်နဲ့ အတူပါ လာတဲ့ မြန်မာလုပ်သားကို ရဲက ယုန်အင်းဒုန်ဘုရဲစခန်းမှာ ခေါ်ယူ စစ်ဆေးပါတယ်”ဟု ကိုဇော်မိုးအောင် (ကိုရီးယား)က ဖော်ပြထားသည်။

ယင်း၏နာရေးကို သြဂုတ်လ ၂၄ ရက်တွင် ဂယောင်ဂီပြည်နယ် ယုန်အင်းမြို့ရှိ ကိုကျော်မင်းသန့် နေထိုင်ခဲ့သည့် နေအိမ်၌ (မြန်မာဗုဒ္ဓ သာသနာပြုကျောင်းတော်(ဘုဖြောင်း)၊ အလုပ်သမားကျောင်း) ပင့်သံဃာတော်များဖြင့် အလှူပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဩဂုတ်လ ၂၅ ရက် နံနက် ၉နာရီခွဲတွင် ယုန်အင်း ဒါဘိုစိဆေးရုံ အအေးတိုက်အတွင်း အသုဘရှု တရားနာကြားပြီး သုသာန်သို့သယ်ဆောင်၍ မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၂၁ရက် တနင်္ဂနွေနေ့ နံနက် ၃ နာရီအချိန်ခန့်ကလည်း ကိုရီးယားနိုင်ငံ ဂယောင်ဂီပြည်နယ် ဂွမ်ဂျုမြို့ရှိ နေအိမ်အခန်းတွင် အသက် ၃၄ နှစ်အရွယ် ကိုလင်းလင်းထွန်း ဆိုသူ အိပ်ပျော်နေလျက်ပင် ကွယ်လွန်ခဲ့သော ဖြစ်စဉ်တစ်ခု ရှိခဲ့သေးကြောင်း၊ ၎င်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းးမြို့နယ် ဆရာစံမြောက်အရှေ့ရပ်ကွက်နေ (ဦးသိန်းထွန်း) ဒေါ်သိန်းရွှေ တို့၏သားဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *