၂၁. ၈. ၂၀၂၄
Written by Nay Moe
ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်မှာ PDF တွေကို သတင်းပေးတယ်ဆိုပြီး ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့က ရဲမှူးဇော်ဇော်ကို ဖမ်းဆီးလိုက်တယ်လို့ ပြည်တွင်းပြည်ပသတင်းဌာနတွေမှာ သတင်းဖော်ပြခဲ့အပြီး ဒီနေ့မှာတော့ ကျိုက်ထိုမြို့နယ်တစ်ကြောမှာ ဘုရားဖူးတွေ၊ ရဟန်းသံဃာတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို လိုက်လံသတ်ဖြတ်နေတဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) စုဖွဲ့ရာနေအိမ် စီးနင်းခံခဲ့ရပြီး KRF အဖွဲ့ဝင် PDF လေးဦးကို အသေဖမ်းမိခဲ့ပါတယ်။
ဖြစ်စဥ်က ဒီနေ့ ဩဂုတ် ၂၁ ရက် မနက် ၉ နာရီခန့်အချိန်ခန့်မှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာမှာရှိတဲ့ ဘဲလေးစားသောက်ဆိုင်အနီးက နေအိမ်တစ်လုံးမှာ ရောက်ရှိစုဝေးလာတဲ့ KRF တပ်ဖွဲ့ဝင် PDF တွေကို လုံခြုံရေးတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ချိန်မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး KRF အဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တဲ့အပြင် လက်နက်ခဲယမ်းတချို့ သိမ်းမိခဲ့သလို KRF တပ်ဖွဲ့ဝင်တချို့ကတော့ ထွက်ပြေးလွတ်မြောက်သွားတာပါ။
လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ Telegram သတင်းဌာနတွေမှာ ဖော်ပြမှုအရတော့ ဒီစီးနင်းတိုက်ခိုက်မှုအတွင်းမှာ KRF အလောင်း ၄ လောင်း၊ ပစ္စတို ၃ လက်၊ ကျည်အတောင့် ၄၀ နဲ့ ကျည်အိမ် ၄ ခု၊ မောင်မင်းအုပ်စိုးအမည်ပါ မှတ်ပုံတင်တစ်ခုနဲ့ ကိုထက်အမည်ပါ KRF အဖွဲ့ဝင်ကတ်ပြားတစ်ခု သိမ်းဆည်းရရှိတယ်လို့ ပုံနဲ့တကွ ဖော်ပြထားပါတယ်။
ဒီနေရာမှာ PDF အဖွဲ့ဝင်တွေကို သတင်းပေးနေတယ်စွပ်စွဲချက်နဲ့ ဖမ်းဆီးထားရာမှာ ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဇော်ဇော် တင်မဟုတ်ဘဲ ဩဂုတ် ၁၄ ရက်မှာ ကျိုက်ထိုမြို့မရဲစခန်းက ရဲအုပ်ပြည်သူရစိုး၊ မေလ ၅ ရက်မှာ ကျိုက်ထိုမြို့မရဲစခန်းက နယ်ထိန်း စိုးရာဇာ၊ နယ်ထိန်း ဝဏ္ဏထွန်းနဲ့ ယာဉ်ထိန်းရဲတပ်ကြပ် အောင်နိုင်ဦးတို့သုံးဦး စုစုပေါင်း ၅ ဦးတို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ပြည်တွင်းပြည်ပသတင်းဌာနတွေမှာ ဖော်ပြခဲ့ပြီး ဒီလိုဖမ်းဆီးပြီးမှပဲ KRF တပ်ဖွဲ့ဝင်တွေကို အသေမိခဲ့တာပါ။
KRF အဖွဲ့ဟာ အဂတိလိုက်စားမှုပေါင်းများစွာနဲ့ ထောင်နှစ်ရှည်ကျခံနေရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံရဲ့ ကိုယ်ရေးအရာရှိဟောင်း ရဲပြေးအေးမင်းထွန်းဦးဆောင်တဲ့အဖွဲ့ဖြစ်ပြီး သူတို့က ကျိုက်ထိုနယ်မှာ ကျက်စားသလို တံတားချိုးတာ၊ လူသတ်တာကို လုပ်ဆောင်နေတဲ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာ ၁၂ ရက်ကလည်း ကျိုက်ထီးရိုးဘုရားဖူးဂိတ်ကို ပစ်ခတ်တိုက်ခိုက်လို့ ဘုရားဖူးပြည်သူ ၄ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
ဒါ့အပြင် KRF က PDF တွေဟာ ဒီနှစ်ပိုင်းထဲ မတ်လ ၂၄ ရက်မှာ တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူးဦးစံလွင်ကို သတ်ဖြတ်ခဲ့သလို မတ်လ ၂၅ ရက်မှာလည်း ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းရွာ ကျောက်ဖြူတောင်ကျောင်းဆရာတော်ဦးစန္ဒိမာနဲ့ စင်တော်လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဦးတင်ငြိမ်းတို့ကို ပစ်သတ်ခဲ့ပြီး ဧပြီ ၁ ရက်ကလည်း ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်၊ ဇီဇဝါမြောက်ပိုင်းမှာ ဓာတ်စက်အငှားဖွင့်သူ အသက် ၇၀ အရွယ် ဦးမြအေးကိုလည်း သတ်ဖြတ်ထားပါသေးတယ်။
အဲဒီလိုလုပ်ဆောင်မှုအပြင် KRF ဟာ ပြီးခဲ့တဲ့ ဧပြီ ၃ ရက် နေ့လယ် ၃ နာရီခွဲဝန်းကျင်မှာ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးအကူ ဦးကျော်ကျော်ကို KRF နဲ့ ကျိုက်ထို ပကဖ ပူးပေါင်းအဖွဲ့က စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး ဦးစန်းမောင်ဆီဆိုင်ရှေ့မှာ အချက်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်လို့ နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
ဒီလိုသတ်ဖြတ်မှုတွေအပြင် KRF ဟာ ကျိုက်ထိုမြို့မရဲစခန်းက နယ်ထိန်းရဲတပ်သား ဝင်းထက်၊ ရဲတပ်သား ကြည်သာ(ခ)ဖိုးအောနဲ့ သထုံခရိုင်ရဲတပ်ဖွဲ့က ရဲတပ်သားကောင်းထက်ကျော် (ခ) ကျန်ကျောင်းတို့ကို ဇူလိုင် ၇ ရက် ညနေ ၃ နာရီခန့်က ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းချောင်းကျေးရွာ၊ ကဒက်ချောင်းမှာ ဖမ်းဆီးထားတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။
MT News ရဲ့ မြေပြင်သတင်းအတည်ပြုမှုနဲ့ PDF တွေရဲ့ ဝမ်းနည်းစကားပို့စ်တွေအရ KRF တပ်ဖွဲ့ဝင်လေးဦးသေဆုံးတဲ့ဖြစ်စဥ်မှန်တယ်ဆိုတာ သိရပေမဲ့လည်း KRF ကို MT News က အတည်ပြုမေးမြန်းမှုကိုတော့ လက်ရှိအချိန်အထိ တုံ့ပြန်လာမှုမရှိသေးဘဲ ဖြေဆိုပေးလာရင်တော့ ဆက်လက်ဖော်ပြပေးပါမယ်။