September 20, 2024

၂၁.၈.၂၀၂၄
Written By Zun

အမျိုးသမီးအင်္ဂါ လိုချင်သည်ဟု TikTok ပေါ်မှ Live လွှင့်သည့် မြန်မာနိုင်ငံမှ ကရင်တိုင်းရင်းသားကို ထိုင်းအာဏာပိုင်များက နေရပ်ပြန်ပို့မည်ဟု ယနေ့ သြဂုတ်လ ၂၁ ရက်တွင် ထုတ်ပြန်ကြောင်း ထိုင်းဒေသတွင်း သတင်းများက ရေးသားကြသည်။

ယင်းမှာ အသက် ၂၅ နှစ်အရွယ် စောသန်းသန်းဝင်း(စောချယ်) ဆိုသူဖြစ်ပြီး @user8145424132738 Tik Tok အမည်ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Bang Bon Market အလယ်တွင် သြဂုတ်လ ၁၈ ရက်က တိုက်ရိုက် ထုတ်လွှင့်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ယင်းထုတ်လွှင့်မှုမှာ ထိုင်းလူမှုကွန်ရက် အသုံးပြုသူများကြား ဝေဖန်မှုမြင့်တက်ခဲ့ကြောင်းနှင့် ထုတ်လွှင့်ထားသော ရုပ်သံကို တွေ့မြင်သူတိုင်းက ၎င်းကို အရေးယူပေးရန် ပြောဆိုမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံသားအချို့က ယင်းပြောဆိုမှုမှာ ထိုင်းအမျိုးသမီးများအား ပြောဆိုသည်ဟု ယူဆကာ ဖမ်းဆီးအရေးယူပေးရန်လည်း ထိုင်းရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အပေါ် စောသန်းသန်းဝင်းက ဘန်ကောက်မြို့၊ ဘန်ခွန်ထီယန်နယ်ရဲစခန်း(Bang Khun Thian ရဲစခန်း )သို့သွားရောက်၍ သူ၏ TikTok Live တွင် ပြောသည့်စကားမှာ “အမျိုးသမီးအင်္ဂါ လိုချင်တယ်”ဟုသာ ဖြစ်ပြီး ထိုင်းအမျိုးသမီးများအား ရည်ရွယ်ပြောဆိုခြင်းမဟုတ်ကြောင်း၊ ထိုင်းအမျိုးသမီးများကို မထီမဲ့မြင်ပြုဖို့ မရည်ရွယ်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံသားများက သူ့အပေါ်အထင်လွဲခြင်းသာဖြစ်ကြောင်းနှင့် တောင်းပန်ကြောင်း သွားရောက်ပြောကြားခဲ့ကြောင်းလည်း သိရသည်။

ထို့ကြောင့် ထိုင်းရဲတပ်ဖွဲ့က TikTok ပေါ်တွင် ပြောဆိုခဲ့သော စကားအတွက် အရေးမယူခဲ့သော်လည်း စောသန်းသန်းဝင်းကို မြို့တော် စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ (၉) နှင့် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့၊ စကားပြန်တို့နှင့်အတူ စစ်ကြောမှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်ဆေးခဲ့ရာတွင် ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်အထောက်အထား မရှိသောကြောင့် တရားမဝင်နေထိုင်မှုဖြင့် ဩဂုတ်လ ၂၀ ရက်ညပိုင်းက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးပြီးနောက် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနကတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းရဲမှူးကြီး ကရစ်တိဒေ့ ကျန်ထေ့က ပြောကြားခဲ့ကြောင်း ဒေသတွင်း သတင်းများတွင် ရေးသားထားချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *