၂၁. ၈. ၂၀၂၄
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ နွန်သာဘူရီပြည်နယ်အတွင်းတွင် ရောဂါထိန်းချုပ်ရေးဦးစီးဌာနက မျောက်ကျောက်ရောဂါပိုး Clade 1 b strain အမျိုးအစားဗိုင်းရပ်စ်ဟု ရှေးဦးစမ်းသပ်ချက်များအရ ယူဆရသော မျောက်ကျောက်ပိုး ကူးစက်ခံထားရသောလူနာတစ်ဦးကို ထိုင်းနိုင်ငံတွင် ပထမဆုံးတွေ့ ရှိခဲ့ကြောင်း ဩဂုတ်လ ၂၁ ရက်က ပြောကြားခဲ့သည်။
အဆိုပါ Clade 1 b strain အမျိုးအစား ရောဂါပိုး ကပို၍ ကူးစက်မှုမြန်ဆန်သော မျောက်ကျောက်ရောဂါပိုးအမျိုးအစားလည်းဖြစ်ကြောင်း အဆိုပါဌာနမှ ဒေါက်တာ သုံချိုင်း ကီရာ တီဟာတေရာကွန်က ပြောခဲ့သည်။
အဆိုပါလူနာက အသက် ၆၆ နှစ်ရှိ ဥရောပတိုက်သားတစ်ဦးဖြစ်ကာ ဩဂုတ်လ ၁၄ ရက် ညနေ ၆ နာရီတွင် အာဖရိကတိုက်မှ အရှေ့အလယ်ပိုင်းဒေသကိုဖြတ်၍ ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ဒေါက်တာသုံချိုင်းက ထိုလူနာမှာ ထိုင်းနိုင်ငံတွင် နေထိုင်လျက် အာဖရိကတွင် အလုပ်လုပ်နေခဲ့သူဖြစ်ကြောင်းလည်းပြောခဲ့သည်။ သို့သော် အာဖရိကတိုက်၏ မည်သည့်နိုင်ငံဆိုသည်ကိုမူ ၎င်းက ပြောကြားခြင်းမပြုခဲ့ပေ။
၎င်းကရောက်ရှိလာပြီး ဩဂုတ်လ ၁၅ ရက်နံနက်တွင် အဖျားဝင်လာကာ အနီစက်အချို့လည်း အရေပြား ပေါ်တွင်ပေါ်လာသည်ကို သတိထားမိခဲ့၍ ဆေးရုံသို့ လျင်မြန်စွာသွားကာ ဆေးစစ်ဆေးမှုခံယူခဲ့ရာတွင် မျောက်ကျောက်ရောဂါဗိုင်းရပ်စ် ကူးစက်ခံနေရသည်ကို တွေ့ခဲ့ရခြင်းဖြစ်သည်။
ကျန်းမာရေးပညာရှင်များက သေချာစွာစစ်ဆေးခဲ့ရာတွင် ရလဒ်များအရ ကူးစက်နေသော ဗိုင်းရပ်စ်မှာ Clade 1b အမျိုးအစား ဗိုင်းရပ်စ်ဖြစ်နိုင်ကြောင်း တွေ့ခဲ့ကြသည်။ထိုဗိုင်းရပ်စ်ပိုး အမျိုးအစားက ရောဂါကို ပို၍ လျင်မြန်စွာကူးစက်နိုင်စေကြောင်း သိရသည်။
ဒေါက်တာ သုံချိုင်းက “အခုတွေ့ရှိရတဲ့ဗိုင်းရပ်စ်က Clade 1b အမျိုးအစား ဟုတ်မဟုတ် ရာခိုင်နှုန်းပြည့် တော့ အတည်မပြုနိုင်သေးဘူး။ ဩဂုတ် ၂၃ ရက်မှာတော့ အတည်ပြုပြောနိုင်မှာပါ။ ဒါပေမယ့် အဲဒီအမျိုးအစားဖြစ်နိုင်ခြေရှိနေတယ်” ဟု ပြောကြားခဲ့သည်။
ရောဂါထိန်းချုပ်ရေးဦးစီးဌာနက ဩဂုတ်လ ၁၄ ရက်တွင် လေယာဉ်ပေါ်၌ လူနာ၏ထိုင်ခုံအနီးတွင် ထိုင်လျက် ထိုင်းနိုင်ငံသို့ရောက်ရှိလာသော အခြားခရီးသည် ၄၃ ဦးကိုလည်း အနီးကပ်ကျန်းမာရေးစစ်ဆေးမှုများပြုခဲ့ကြောင်းသိရသည်။
မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ကူးစက်ခံထားရသော လူနာများတွင် ၎င်းတို့၌ ခက်ခဲရှုတ်ထွေးသော ကျန်းမာရေးအခြေအနေမျိုး(သို့မဟုတ်) ကိုယ်ခံအားနည်းနေခြင်းမျိုးမရှိပါက လူနာများအနေဖြင့် ပြန် လည်၍ နာလန်ထူကျန်းမာလာလေ့ရှိကြောင်း ဒေါက်တာ သုံချိုင်းက ပြောခဲ့သည်။
Ref- Bangkok Post