September 20, 2024

MT News
၂၁. ၈. ၂၀၂၄

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာ့ရေးရာ အထူးကိုယ်စားလှယ် Julie Bishop နှင့် ဩဂုတ် ၂၀ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး Julie Bishop ၏ တာဝန်ထမ်းဆောင်မှုကို အားပေးကြောင်းနှင့် ပံ့ပိုးကူညီမည်ဟုပြောခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ဝမ်ယိက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်မှု၊ နိုင်ငံတစ်သား တည်းဖြစ်တည်မှုနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို အခိုင်အမာ လေးစားသလို ပြည်တွင်းရေးဝင်ရောက် မစွက်ဖက်ရေး၊ မြန်မာနိုင်ငံသားများ၏ပိုင်ဆိုင်မှုကို မြန်မာနိုင်ငံသားများဦးဆောင်ရေးဟူသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အခိုင်အမာလက်ကိုင်ထားပြီး အာဆီယံ၏အခန်းကဏ္ဍကို အဓိကလမ်းကြောင်းအဖြစ် ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာ့ရေးရာ အထူးကိုယ်စားလှယ်သည် တစ်မူထူးခြားသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် Julie Bishop တာဝန်များကို ထမ်းဆောင်ရာတွင် အားပေးထောက်ခံပြီး ကူညီပံ့ပိုးသွားမည်ဖြစ်ရာ မြန်မာနိုင်ငံ နိုင်ငံရေးအရ ပြန်လည်ရင်ကြားစေ့ရေးနှင့် ရေရှည်ခိုင်မာစွာ တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်ရန်အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။

ထို့အတူ Julie Bishop ကလည်း မြန်မာ့အရေး သင့်လျော်ကောင်းမွန်စွာ ဖြေရှင်းနိုင်ရန် သဘောတူညီချက်များရရှိအောင် တရုတ်နိုင်ငံနှင့်တကွ အာဆီယံနှင့်အတူ နီးကပ်သည့် ဆွေးနွေးညှိနှိုင်းမှု၊ အားဖြည့်ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

Ref, Xinhua

Leave a Reply

Your email address will not be published. Required fields are marked *