September 20, 2024

၂၁. ၈. ၂၀၂၄
Translated by Htwe Ko Tun

အီရတ်နိုင်ငံအတွင်းကျင်းပမည့် ရှီအိုက်မွတ်စလင်တို့၏ ဘာသာရေးပွဲတစ်ခုသို့ တက်ရောက်ရန် သွားကြသည့် ပါကစ္စတန်နိုင်ငံသား ဝတ်ပြုသူများလိုက်ပါလာသော ဘတ်စ်ကားတစ်စီးက အီရန်နိုင်ငံ အလယ်ပိုင်းတွင် ဩဂုတ်လ ၂၀ ရက် ညက တိမ်းမှောက်ခဲ့ရာ အနည်းဆုံး ၂၈ ဦးသေဆုံးခဲ့ရကြောင်း အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက ဩဂုတ်လ ၂၁ ရက်နံနက်က ထုတ်လွှင့်သွားခဲ့သည်။

သတင်းထုတ်လွှင့်ချက်တွင် ပါကစ္စတန်နိုင်ငံမှ ဝတ်ပြုခရီးသည် ၅၁ ဦးတင်ဆောင်လာသော ဘတ်စ်ကားတစ်စီးမှာ အီရန်နိုင်ငံအလယ်ပိုင်း Yazd ပြည်နယ်အတွင်း ဒီရှာတတ်ဖ် စစ်ဆေးရေးဂိတ်အရှေ့တွင် ဩဂုတ်လ ၂၀ ရက် ညက ပက်လက်လန်တိမ်းမှောက်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပြောကြားသွား ခဲ့သည်။

ခရီးသည်များအနက် ၂၈ ဦးသေဆုံးကာ ၂၃ ဦးဒဏ်ရာရရှိခဲ့ရာ ၎င်းတို့ကို ဆေးရုံသို့တင်ပို့ခဲ့ကြောင်း သိရသည်။ ဒဏ်ရာရရှိသူများမှ ခုနှစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ဒဏ်ရာပြင်းထန်ပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်းလည်းသိရသည်။ ဒဏ်ရာရရှိသူခြောက်ဦးကမူ ဆေးရုံမှဆင်းသွားခဲ့ ကြပြီဟု ဆေးရုံတာဝန်ရှိသူတို့က ပြောခဲ့သည်။

Yazd ပြည်နယ် ကယ်ဆယ်ရေးအဖွဲ့အကြီးအကဲ အလီ မာလက်ဇာဒီ က သေဆုံးသူများတွင် အမျိုးသမီး ၁၁ ဦးနှင့် အမျိုးသား ၁၇ ဦးပါဝင်ကြောင်းပြောခဲ့သည်။

ပါကစ္စတန်ဝတ်ပြုသူများမှာ အီရတ်နိုင်ငံ၊ ကာဘာလာမြို့တွင် ရှီအိုက်မွတ်စလင်တို့၏ Arbaeen အခမ်းအနားသို့ တက်ရောက်ရန် အီရန်နိုင်ငံမှဖြတ်၍သွားကြခြင်းဖြစ်သည်။

Ref- AFP

Leave a Reply

Your email address will not be published. Required fields are marked *