၂၁ .၈.၂၀၂၄
Written by Hey Mar
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်ရဲစခန်းအရှေ့၊ ဗိုလ်မင်းရောင်လမ်းမပေါ်မှာ အလှူခံတောင်းရမ်းနေသူ အမည်မသိ အမျိုးသမီးကြီးတစ်ဦး ယာဉ်တိုက်ခံရပြီး နေရာတင် သေဆုံးမူ မနေ့က ဩဂုတ်လ ၂၀ ရက် နေ့လယ် နှစ်နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်တဲ့ယာဉ်က ကျောင်းကြိုပို့ယာဉ်လို့ သိရပြီး ယာဉ်တိုက်ကြိတ်ခံရမှုကြောင့် အမျိုးသမီးကြီးမှာ ဦးခေါင်းပြင်းထန်ဒဏ်ရာ ခြေသလုံးရိုးကျိုးကြေဒဏ်ရာတွေနဲ့ နေရာတင်သေဆုံးခဲ့တာလို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ ရင်ဘတ်တူ ညီအကိုများ ပရဟိတအဖွဲ့ တာဝန်ရှိသူထံကနေ သိရပါတယ်။
အဆိုပါအသင်း တာဝန်ရှိသူက “မနေ့က(ဩဂုတ် ၂၀ ရက်)ညကတော့ သေဆုံးသူရဲ့ ဆွေမျိုးတွေ ယာဉ်မှုစစ်ရုံးကို လိုက်လာတယ်လို့တော့ ပြောတယ်။ သူတို့တွေက အိမ်ခြေမဲ့တောင်းရမ်းသူတွေပါ။ လမ်းပေါ်ပဲနေကြတာ”လို့ MTNews က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။
တိုက်သွားတဲ့ ယာဥ်မောင်းကလည်း ယာဉ်တိုက်မှုကို သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့အတူ ပူးပေါင်းဖြေရှင်းပေးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းကာ ရန်ကုန်ဆေးရုံကြီးဆီ ရင်ဘတ်တူညီကိုများပရဟိတအဖွဲ့က သွားရောက်ကူညီပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။