September 20, 2024

၂၁. ၈. ၂၀၂၄
Written by Nyein Kyaw

စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးသွားမည်ဟု ကြေညာခဲ့ပြီးနောက် တစ်ဒေါ်လာ ကျပ် ၃၄၀၀ ဝန်းကျင်ဖြင့် ဒေါ်လာ ၉၉ သန်းကျော် ဗဟိုဘဏ် ထုတ်ရောင်းပေးခဲ့အပြီး ဒေါ်လာဈေး တစ်ရက်အတွင်း ကျပ် ၄၅၀ ချက်ချင်းကျဆင်းကာ ယနေ့တွင် တစ်‌ဒေါ်လာ ကျပ် ၅၉၀၀ သို့ ပြန်ကျဆင်းခဲ့သည်။

စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ် ကြေညာခဲ့ပြီးနောက် ဩဂုတ်လ ၁၅ ရက်တွင် တစ်ဒေါ်လာ ကျပ် ၃၄၀၀ ဖြင့် ဒေါ်လာ ၉ ဒသမ ၄၈၉ သန်းနှင့် ဩဂုတ်လ ၁၉ ရက် (ယမန်နေ့)တွင် တစ်ဒေါ်လာ ကျပ် ၃၄၁၀ ဖြင့် ဒေါ်လာ ၈၉ ဒသမ ၉၇၅ သန်း ထုတ်ရောင်းပေးထားကြောင်း ပြည်တွင်းရှိ မီဒီယာများက ယမန်နေ့ မွန်းလွဲပိုင်းတွင် ရေးသားဖော်ပြခဲ့ကြသည်။

ယမန်နေ့ နံနက်ပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၆၃၅၀ ရှိခဲ့ရာမှ ဒေါ်လာထုတ်ရောင်းထားကြောင်း ရေးသားဖော်ပြခဲ့သည့် ယမန်နေ့ မွန်းလွဲပိုင်းမှစတင်ကာ ဈေးနှုန်းပြောင်းလဲမှု သုံးကြိမ်အထိ ဖြစ်ပေါ်ကာ ဈေးနှုန်းကျဆင်းခဲ့ပြီး ယမန်နေ့ ညနေပိုင်းတွင်း တစ်ဒေါ်လာ ကျပ် ၆၁၀၀ အထိလည်ကောင်း၊ ယနေ့ နံနက်ပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၅၉၀၀ အထိ လည်းကောင်း ကျဆင်းခဲ့သည်။ တစ်ရက်အတွင်း တစ်ဒေါ်လာ ကျပ် ၄၅၀ ကျဆင်းခဲ့ခြင်းလည်းဖြစ်သည်။

ဩဂုတ်လဆန်းမှစတင်၍ ဒေါ်လာဈေးနှုန်းများ ဆွဲတင်ခဲ့မှုကြောင့် တစ်ဒေါ်လာ ကျပ် ၆၄၀၀ ကျော်အထိ ‌ရောက်ရှိခဲ့သည့်အပြင် ဩဂုတ်လ ၁၂ ရက်တွင် တပ်မတော်အတွင်း အာဏာသိမ်းမှုများ ဖြစ်ပေါ်နေသည်ဆိုသော ကောလဟာလများကို ထုတ်လွှင့်ကာ ဈေးဆွဲတင်မှုများကြောင့် တစ်ရက်အတွင်း ကျပ် ၈၀၀ မြင့်တက်ကာ ဩဂုတ် ၁၃ ရက်တွင် တစ်ဒေါ်လာ ကျပ် ၇၂၀၀ အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ အဆိုပါသတင်းများမှာ ကောလဟာသဖြစ်ကြောင်းနှင့် နိုင်ငံတော်အကြီးအကဲများ နိုင်ငံ့တာဝန်များကို ပုံမှန်အတိုင်း ကျေပွန်စွာထမ်းဆောင်နေကြောင်း ထုတ်ပြန်သည့် ယမန်နေ့တွင် တစ်ဒေါ်လာ ကျပ် ၆၀၀၀ ကျော်သို့ ပြန်လည်ကျဆင်းခဲ့ပြီး ဒေါ်လာသန်း ၁၀၀ ထုတ်ရောင်းမည်ဟု ကြေညာခဲ့ပြီးနောက် တစ်ဒေါ်လာ ကျပ် ၅၆၀၀ အထိ ထပ်မံကျဆင်းခဲ့သည်။

သို့သော် ရောင်းချပေးမည့် ဒေါ်လာသန်း ၁၀၀ အတွက် ငွေလဲလှယ်နှုန်းနှင့် ရောင်းချမှုကို မည်ကဲ့သို့ ရောင်းချပေးမည်ကို ဗဟိုဘဏ်မှ တိတိကျကျ မထုတ်ပြန်သေးသည့် ရက်ပိုင်းအတွင်း ဒေါ်လာဈေးနှုန်းကို ကျပ် ၆၃၀၀ ကျော်သို့ ဝိသမလောဘသမားများက ပြန်လည်ဆွဲတင်ခဲ့ခြင်းလည်းဖြစ်သည်။ ဒေါ်လာသန်း ၁၀၀ အား ငွေလဲလှယ်နှုန်းနှင့် ရောင်းချသည့် ပမာဏများ ထုတ်ပြန်လာပြီးနောက်မှသာ ကျပ် ၅၉၀၀ သို့ ပြန်ကျဆင်းလာသည်။

ယခုရက်ပိုင်းအတွင်း ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သော တစ်ဒေါ်လာဈေးနှုန်းမှာ ဩဂုတ် ၁၄ ရက်တွင် ကျပ် ၆၆၀၀၊ ဩဂုတ် ၁၅ ရက်တွင် ကျပ် ၆၅၀၀၊ ဩဂုတ် ၁၆ ရက်တွင် နံနက်အစောပိုင်းတွင် ကျပ် ၅၆၀၀ သို့ ကျဆင်းခဲ့ရာမှ နေ့လယ်ပိုင်းတွင် ကျပ် ၆၀၀၀ သို့ ပြန်မြင့်တက်ခဲ့သည်။ ဩဂုတ် ၁၇ ရက်တွင် ကျပ် ၆၃၀၀၊ ဩဂုတ် ၁၈ ရက်တွင် ကျပ် ၆၃၀၀၊ ဩဂုတ် ၁၉ ရက်တွင် ကျပ် ၆၃၅၀၊ ဩဂုတ် ၂၀ ရက် နံနက်ပိုင်းတွင် ကျပ် ၆၃၅၀ မှ ညနေပိုင်းတွင် ကျပ် ၆၁၀၀၊ ဩဂုတ် ၂၁ ရက် (ယနေ့)တွင် ကျပ် ၅၉၀၀ ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *