October 18, 2024

MT News

Written by Nay Aung

ဘန်ကောက်မြို့ ဘန်ဘွန့်ဒေသရှိ လက်ဝတ်ရတနာဆိုင်မှ ထိုင်းဘတ် ၁ သိန်းခွဲတန်ဖိုးရှိ ရွှေလက်ကောက်များကို ခိုးယူခဲ့ပြီးနောက် ရဲအရာရှိတစ်ဦးအိမ်တွင် ပုန်းနေချိန်အတွင်း ဖမ်းဆီးခံလိုက်ရကြောင်းသိရသည်။

Bang Khunthian အရပ် Nai Liang ဈေးရှိ ရွှေဆိုင်၏ ပိုင်ရှင်ဖြစ်သူ ပီလိုင်ဝမ် ချာလမ်မက်ချ်သည် ၎င်း၏ ရွှေဆိုင်မှ ဘတ် ၁ သိန်းခွဲတန်ဖိုးရှိ ရွှေများ ခိုးယူခံရကြောင်း တိုင်ကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေခဲ့ကြောင်းသိရသည်။

အဆိုပါရွှေဆိုင်ပိုင်ရှင်က မျက်နှာကို Face Mask တပ်ထားသည့်အမျိုးသားတစ်ဦးသည် ဆိုင်သို့လာရောက်ခဲ့ပြီး ရွှေများကို ပြသရန်ပြောဆိုခဲ့ကြောင်း၊ ရွှေများကို ပြသနေချိန်တွင် အဆိုပါအမျိုးသားက လက်အတွင်းမှရွှေလက်ကောက်များကိုလုယူပြီး ဈေးအတွင်းသို့ထွက်ပြေးသွားခဲ့ကြောင်း တိုင်ကြားထားသည်။

မျက်မြင်သက်သေများက အဆိုပါ ရွှေ့ဆိုင်မှ ရွှေများကို လုယူထွက်ပြေးသူသည်လမ်းတွင် အင်္ကျီကို လဲလှယ်ဝတ်ဆင်ပြီး ဈေးအဆုံးရှိ အိမ်ထဲသို့ ဝင်ပြေးသွားခဲ့ကြောင်းဆိုသည်။ အဆိုပါရွှေများ လုယူထွက်ပြေးသူသည် ၎င်း ဝင်ပြေးပြီး ပုန်းနေသည့်အိမ်သည် ထိုင်းရဲတပ်ဖွဲ့မှ ရဲချုပ် ဗာရာယွတ် ဆုခါဝက်၏ အိမ်ဖြစ်မှန်း မသိဘဲဝင်ပြေးမိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းများကဖော်ပြသည်။

ထိုင်းရဲတပ်ဖွဲ့၏ တာဝန်ရှိသူများသည် အဆိုပါရဲချုပ်၏အိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ မြေပြင်မှ ၃ မီတာအကွာရှိ သစ်ပင်တွင်ပုန်းနေသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားကို ဖမ်ဆီးရမိခဲ့ကြောင်းသိရသည်။

ထိုင်းရဲတပ်ဖွဲ့၏အဆိုအရ ထိုင်းရွှေဆိုင်ရှိရွှေများကို ခိုးယူခဲ့သူသည် အသက် ၃၀ အရွယ်ရှိ သက်အောင် ဆိုသူဖြစ်ကြောင်း၊ ၎င်းသည် ထိုင်းနိုင်ငံ ဘန်ကီခရိုင်ရှိ အထည်စက်ရုံတွင် အလုပ်လုပ်နေသူဖြစ်ပြီး တစ်လကိုထိုင်းဘတ် ၅၀၀၀ ရရှိကြောင်း သိရသည်။

၎င်းသည် မြန်မာနိုင်ငံရှိ မိသားစုကို ကူညီထောက်ပံ့ပေးရန်အတွက် ထိုင်းဘတ် ၇၀၀၀၀ ကို ချေးယူထားကြောင်း၊ ချေးယူထားသည့် ပိုက်ဆံများအနက်မှ တစ်လကို ဘတ် ၃၀၀၀ ပြန်ပေးရန်အတွက် စိတ်ဖိစီးမှုများရှိခဲ့ပြီးနောက် ရွှေဆိုင်မှရွှေကို ခိုးယူရန် ဆုံးဖြတ်ခဲ့ကြောင်း ဝန်ခံထားသည်။

ရဲတပ်ဖွဲ့သည် အဆိုပါ မြန်မာအမျိုးသား ခိုးယူသွားသော ရွှေလက်ကောက် ငါးခုအနက်မှ ၃ ခုကို ပြန်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ ကျန်ရွှေလက်ကောက်နှစ်ခုသည် ဈေးအတွင်းထွက်ပြေးချိန်တွင် ကျကျန်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားများက ထွက်ဆိုထားကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။

Ref, mrgonline

Leave a Reply

Your email address will not be published. Required fields are marked *