September 20, 2024

ဝင်တိုက်သည့်ပရာဒိုယာဥ်ပေါ် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးပါဝင်သော်လည်း ယာဥ်တိုက်မှုကို တာဝန်မယူဘဲ ထောင်ကျခံမည်ဟု ဆို

၂၁.၈.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ တပင်ရွှေထီးနှင့်ဘုရင့်နောင်လမ်းမကြီးတွင် ပရာဒိုယာဥ်မှ လူနာတင်ဆောင်လာသည့် လူမှုကူညီရေးယာဥ်အား တိုက်မိရာက အသင်းသား(၂) ဦး ဘယ်ဘက်လက်မောင်းကျိုးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ သြဂုတ်လ ၂၀ ရက် နံနက် ၁ နာရီဝန်းကျင်တွင် ပင်လုံဆေးရုံမှ မြောက်ဥက္ကလာဆေးရုံသို့ အူအတက် ပေါက်သည့် လူနာအား တင်ဆောင်လာသည့် Medical လူငယ်များလူမှုကူညီရေးယာဥ်ကို ပရာဒိုယာဥ်မှ ဖြတ်တိုက်မိခဲ့ကြောင်း သိရသည်။

“ပရာဒိုယာဥ်က လမ်းဖြတ်တိုက်တာ အသင်းကားကို။ လူနာနဲ့လူနာစောင့်နှစ်ယောက်တော့ ဘာမှမဖြစ်ကြဘူး။ သူတို့သုံးယောက်က နောက်နေ့ဆို ဂျပန်စာဖြေမဲ့သူတွေ။ ကျွန်တော်တို့အသင်းက ယာဥ်မောင်းနဲ့ ဧည့်သည်ယာဥ်အကူတို့ ဘယ်ဘက်လက် အရင်းကျိုးတယ်။ ဧည့်သည်ယာဥ်ကူကတော့ စတီးရိုးထည့်ရမယ်။ သူက ရောဂါအခံလည်းရှိတယ်။ ဒီညနေ ၄ နာရီဆိုခွဲစိတ်မှုလုပ်မှာ။ တိုက်တဲ့သူတွေကတော့ တာဝန်ယူမူမရှိဘူး။ အဲ့ပရာဒိုကားပေါ်မှာ အမျိုးသမီးတစ်ယောက်။ အမျိုးသား ၃ ယောက်ပါတယ်”လို့ Medical လူငယ်များ လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက MT News သို့ဖြေကြားသည်။

အဆိုပါဖြစ်စဥ်တွင် လူနာတင်ယာဥ်မှာ လူနာနှင့်မိသားစုပါ၍ အရေးပေါ်အသံဖွင့်ထားကာ မီးတန်းလည်းပြထားသလို စုံမီးပြဟွန်းတီးသော်လည်း ဖြတ်အတိုက်ခံရခြင်းဖြစ်သည်။ သို့သော် ယာဥ်တိုက်မှုအတွက် ပရာဒိုယာဥ်ပေါ်မှ ဝင်တိုက်သူများက တာဝန်မယူဘဲ လူနာတင်ယာဥ်က ကိုယ့်ကားကိုယ်ပြင် ကိုယ့်လူနာကိုယ်ကုရန်နှင့် မကျေနပ်၍ ဥပဒေကြောင်းအရ ရှင်းလင်းပါကလည်း ယာဥ်မောင်းသာ ထောင်ကျခံမည်ဟုလည်း ပြောသည်ဟု Medical လူငယ်များအသင်း ဥက္ကဋ္ဌက လူမှုကွန်ရက်တွင် ရင်ဖွင့်ထားပြီး ဝင်အတိုက်ခံရသည့် လူမှုကူညီရေးအသင်းယာဥ်မှာလည်း တစ်စီးလုံးပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။

Photo – Medical လူငယ်များလူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *