September 20, 2024

၂၁.၈.၂၀၂၄
Written By Thandar

ဂီတပိုင်းရော သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်ချစ်ခင်အားပေးမှုများစွာ ရရှိထားတဲ့ အကယ်ဒမီနေဝင်းရဲ့ သမီးဦးရတနာလေးကို လာမယ့် အောက်တိုဘာလမှာ မွေးလာမှာမို့ ရင်ခုန်နေတယ်လို့ဆိုပါတယ်။

“သမီးလေးရလို့ ကံကောင်းတယ်လို့ မပြောချင်ပါဘူး။ တိုက်ဆိုင်တာလေးတွေ ရှိလို့နေမှာပါ။ လူတိုင်းမှာတော့ သူ့အကြောင်းလေး သူ ရှိကြမှာပါ။ အရင်ကထက် ပိုဂရုစိုက်ဖြစ်တယ်။ ချောက တောင်းဆိုမှုတွေကတော့ ခရီးသွားရင်း လက်ပံပြား ကြက်ကြော်စားချင်တာတို့၊ ပြင်ဦးလွင်က ရှမ်းခေါက်ဆွဲတို့ အဲလို စားချင်တယ်ပြောတာ။ ချောက ကိုယ်ဝန်နဲ့မို့ ပိုပြီး အလိုလိုက်ဖြစ်တယ်။ ခုကြတော့ ကိုယ်ဝန်နဲ့လည်း ချောကမဆိုးပါဘူး။ အရင်က ထက်ပိုပြီး ဂရုစိုက်ရတယ်။ အရင်ကလောက်လည်း ခရီးတွေ သိပ်မထွက်ဖြစ်တော့ပါဘူး။ ကိုယ့်ကလေးလေး မွေးရင်တော့ ပုဆိုးကွင်းသိုင်းနဲ့ပြေးမလဲ မသိဘူး။ ပြင်တော့ ပြင်ဆင်နေပါတယ်။ ပရိသတ်ကြည့်ဖို့ Video လေးတွေ ရိုက်ထားတာရှိပါတယ်။ နောက်တင်ပေးမှာပါ။ သမီးလေးက ၁၀ လပိုင်းထဲမွေးမှာမို့ ရင်ခုန်ပါတယ်” လို့ အကယ်ဒမီ နေဝင်းက ပြောပါတယ်။

နေဝင်းနဲ့ အိမ့်ချစ်ချောတို့ရဲ့ သမီးဦးရတနာလေးကိုတော့ လာမယ့် အောက်တိုဘာလအတွင်း ရန်ကုန်မြို့မှာ မွေးဖွားမှာလည်း ဖြစ်ပါတယ်။ သူတို့ကတော့ ၂၀၀၉ ခုနှစ်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြပြီးတော့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က ရန်ကုန်မြို့ Inya Lake Hotel ရဲ့ Pool Side Lawn မှာ မင်္ဂလာပွဲ ညစာစားပွဲကို ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိ ဒါရိုက်တာ မီးပွားက နေဝင်း၊ အေးချမ်းမောင်၊ ခင်ဝင့်ဝါ၊ ပိုးမမှီသာတို့နဲ့ ပုံဖော်ရိုက်ကူးထားတဲ့ “မီး” ရုပ်ရှင်ဇာတ်ကားကြီးကလည်း သတ်မှတ်ထားတဲ့ရက် မတိုင်ခင်ကတည်းက ဝင်ငွေစံချိန်ချိုးတဲ့အတွက် နောက်တစ်ပတ် ရုံတင်ပြသနေလျှက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *