၂၁. ၈. ၂၀၂၄
Written by Nay Moe
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့အား ရွှေဘိုခရိုင် အမှတ် (၁) ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ရွှေဘိုခရိုင် တပ်ရင်း (၆၊ ၉၊ ၁၂)၊ ရွှေဘိုခရိုင် လှုပ်ရှားစစ်ကြောင်း၊ ရွှေဘိုခရိုင် ပကဖ၊ ဗျူဟာ-၅၃၊ 96Soldier၊ ဒီပဲယင်း LPDF ပူးပေါင်းတပ်ဖွဲ့တို့မှ ဩဂုတ်လ (၁၅) ရက်၊ ညနေ (၈) နာရီခွဲ မှစတင်ကာ ဩဂုတ်လ (၁၈) ရက်၊ နံနက် (၄) နာရီချိန်တွင် တိုက်ခိုက် သိမ်းပိုက် ရရှိခဲ့ပြီး အဆိုပါ တိုက်ခိုက်သိမ်းယူနိုင်မှုမှာ နာရီပိုင်းသာခံသာ မကြာခင်ဆုတ်ခွာထွက်ပြေးရသည့်အပြင် တိုက်ပွဲအတွင်း PDF လေးဦးသေဆုံးသော်လည်း ကျပ်သိန်း ၃၄၀ ကျော် အမြတ်ရ သိမ်းဆည်းနိုင်ခဲ့သည်ဟု NUG ဩဇာခံ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။
မြို့သိမ်းတိုက်ပွဲများအတွင်း ဘဏ်နှင့် ပြည်သူများနေအိမ်ဖောက်ထွင်းရာမှ ငွေရှာဖွေလေ့ရှိသည့် PDF များအနေဖြင့် ကောလင်းမြို့သိမ်းတိုက်ပွဲတွင်လည်း နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်များ ဖောက်ထွင်းရာမှ ကျပ် ဘီလျံ ၅၀ ခန့် ဖောက်ထွင်းယူနိုင်ခဲ့ပြီး ယခု ဒီပဲယင်းမြို့သိမ်းတိုက်ပွဲတွင်လည်း နာရီပိုင်းသာ သိမ်းနိုင်ချိန် ကျပ်သိန်း ၃၄၀ ကျော် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထို ကျပ်သိန်း ၃၄၀ ကျော်မှာ နိုင်ငံပိုင်ငွေကြေး သို့မဟုတ် ပြည်သူများ၏ နေအိမ် ဖောက်ထွင်းလုယက်ခြင်းမှ ရရှိခြင်းဟုတ် မဟုတ်ကိုမူ အမှတ်(၁) စစ်ဒေသက ထုတ်ပြန်ချက်တွင် စနစ်တကျရှင်းလင်းထားခြင်းမရှိချေ။
အဆိုပါ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း PDF များက တပ်ရင်း ၇ ရင်းခန့်နှင့် အင်အားရာထောင်ချီအသုံးပြုခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့မှာမူ ဗိုလ်ကြီး အောင်ဟိန်းဦး ဦးစီးသော ခမရ (၇၀၄၊ ၇၀၈)၊ ရဲ နှင့် ပြည်သူ့စစ် ပူးပေါင်းအင်အား (၇၉) ဦးသာ ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အခြေပြုနေထိုင်သော ဒီပဲယင်းမြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာ၊ ရွှေဇာလီဘုရား၊ စာရင်းစစ်ရုံး၊ ဇွဲစားသောက်ဆိုင်နှင့် အထက ကျောင်းတို့အား PDF များက တိုက်ခိုက် သိမ်းပိုက်ခြင်းဖြစ်သည်။
ထို့အတူ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲ စတင်ဖြစ်ပွားသောနေ့တွင် ရေဦးမြို့မှ စစ်ကူဝင်ရောက်လာသော ခလရ-၈၉ အင်အား (၆၀) ခန့်အား ရေဦး PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ် ဖြတ်တောက် တိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။
သို့သော် မြို့အတွင်း စီးနင်းသိမ်းဆည်းမှုပြုလုပ်နေသော PDF များကို တိုက်ထုတ်ရန် ဩဂုတ်လ (၁၆) ရက်တွင် PDF များစီးနင်းခိုလှုံနေသည့် မြို့မရပ်ကွက်သို့ တံတားဦးမှ တက်လာသော ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် ဗုံး (၃) လုံးကြဲချ တိုက်ခိုက်ခြင်း၊ ဩဂုတ်လ (၁၇) ရက်တွင် မြို့မရပ်ကွက်နှင့် မြို့အနီး မစိုးရိမ်ရွာ ဘုန်းကြီးကျောင်းအနီးသို့ တံတားဦးမှ တက်လာသော ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးသီး (၂) လုံးကြဲချ တိုက်ခိုက်ပြီး မြို့အနီးသို့ နမခ မှ တက်လာသော Mi-35 ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း၊ ယင်းနေ့တွင်ပင် မြို့ထဲသို့ တံတားဦးမှ တက်လာသော Y-12 (၁) စီးဖြင့် ဗုံးသီး (၅၆) လုံးကြဲချ တိုက်ခိုက်ပြီး မြို့ပတ်ပတ်လည်သို့ နမခမှ တက်လာသော Mi-35 (၁) စီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း၊ ဩဂုတ်လ (၁၈) ရက်နေ့ နေ့လည် (၁၂) နာရီခန့်တွင် PDF များ မြို့သိမ်းတိုက်ပွဲပြီးနောက် ရှင်းလင်းရေး ဆောင်ရွက်နေစဉ် မြို့ပတ်ပတ်လည်သို့ နမခမှ တက်လာသော Mi-35 (၁) စီးဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး မြို့ပြင်သို့ လပခမှ တက်လာသော Mi-17 (၂) စီးဖြင့် လပခ လက်အောက်ခံ (တပ်စိစစ်ဆဲ) အင်အား (၅၄) ဦး ပို့ချခဲ့ခြင်း၊ ယင်းနေ့တွင်ပင် နမခမှ တက်လာသော Mi-35 (၁) စီးဖြင့် ဝဲပတ်ပြီး လပခမှ တက်လာသော Mi-17 (၂) စီးဖြင့် လပခ လက်အောက်ခံ (တပ်စိစစ်ဆဲ) အင်အား (၅၀) ခန့် ထပ်မံ ပို့ချခဲ့ခြင်းနှင့် PDF များ ခြေကုပ်ယူရာ ဒီပဲယင်းမြို့သို့ တံတားဦးမှ တက်လာသော ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးသီး (၂) လုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းနှင့် တပ်မတော်စစ်ကူစစ်ကြောင်းကို ရေဦးမြို့နယ်မှ ကြားဖြတ်တိုက်ခိုက်နေသည့် တိန်းတံရံရွာနှင့် ရွာဈေးသို့ တံတားဦးမှ တက်လာသော ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် PDF များက ဒီပဲယင်းမြို့အား သိမ်းပိုက်ရရှိပြီးမှ နာရီပိုင်းအတွင်း ပြန်လည်ဆုတ်ခွာခဲ့ရကာ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲတွင် PDF ဘက်မှ ၄ ဦး သေဆုံးခဲ့သည်ဟုလည်း ပြောသည်။
ထို့အတူ လုံခြုံရေးတပ်ဖွဲ့ဘက်မှ ၁၈ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရ၍ ပြည်သူ့စစ် (၂) ဦး လက်နက်ချ ကာ အချုပ်ခန်းဖောက်ထွင်းမှုမှ Non-CDM ဝန်ထမ်း (၄၀) ဦး၊ အချုပ်သား (၂၀) ဦး၊ အကျဥ်းသား (၇၂) ဦးအား ကယ်တင်နိုင်ခဲ့သည့်အပြင် လက်နက်မျိုးစုံ (၂၂) လက်၊ ကျည်မျိုးစုံ (၄၉၀၀) ခန့်၊ ဗုံးသီးမျိုးစုံ (၅၇) လုံး၊ မိုင်းမျိုးစုံ (၂၀) လုံး၊ ကျည်အိမ် (၈) ခုနှင့် ငွေကျပ် သိန်း (၃၄၀) ကျော် သိမ်းဆည်းရမိသည်ဟုလည်းအမှတ် (၁) စစ်ဒေသက ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း အမြတ်ထွက်ခဲ့မှုကို ဖော်ပြထားသည်။