September 20, 2024

၂၀.၈.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့၊ ချမ်းအေးရပ်ကွက်တွင် အမျိုးသားနှစ်ဦးရန်ဖြစ်စကားများချိန် အမျိုးသားတစ်ဦးက အခြားအမျိုးသားတစ်ဦးကို ဓားဖြင့်ခုတ်ရာ အခုတ်ခံရမည့်အမျိုးသား၏ ဖခင်က သားဖြစ်သူ ဓားခုတ်ခံရမည်စိုးရိမ်၍ ကြားဝင်ခံပေးလိုက်သဖြင့် ဦးခေါင်းဓားခုတ်ခံလိုက်ရပြီး သေဆုံးသွားကြောင်း ဝန်ဇင်းလူငယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။

အထက်ပါဖြစ်စဥ်မှာ သြဂုတ်လ ၁၉ ရက် ည ၉ နာရီအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးဓားခုတ်ခံရကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဥ်နေရာသို့ ဝန်ဇင်းလူငယ်လူမှုကူညီရေးအသင်းမှ သွား ရောက်၍ လူနာကို မိတ္ထီလာပြည်သူ့ဆေးရုံကြီးမှ တစ်ဆင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ကုတင် (၁၀၀၀) ဆေးရုံသို့ပို့ဆောင်ပေးသော်လည်း လမ်း၌ လူနာမှာအသက်ဆုံးရှုံးသွားကြောင်း သိရသည်။

“အမျိုးသားနှစ်ယောက် ရန်ဖြစ်နေကြတာ။ တစ်ဖက်အမျိုးသားက သားဖြစ်သူကို ဓားနဲ့ခုတ်ဖို့လုပ်တဲ့အချိန် အဖေဖြစ်သူက ဝင်ခံပေးလိုက်တာ။ အဲ့ဒီမှာ အဖေက ဦးခေါင်းမှာဒဏ်ရာရသွားတာ။ မိတ္ထီလာမရလို့နေပြည်တော်လွှတ်တာ လမ်းမှာဆုံးတယ်” ဟု ဝန်ဇင်းလူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

စကားများရန်ဖြစ်ရာမှ လူတစ်ဦးအသက်ဆုံးရှုံးအောင် ဓားခုတ်မှု ကျူးလွန်သည့် အမျိုးသားကို သက်ဆိုင်ရာက ဖမ်းဆီးထားကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *