ဖြိုးဝေ
၂၀. ၈. ၂၀၂၄
တပ်မတော်အတွင်း အာဏာသိမ်းမှုဖြစ်တယ်ဆိုပြီး ပြည်ပထွက်ပြေးတဲ့သူတွေ သတင်းမှားတွေနဲ့ ပျော်မွေ့ကြပေမဲ့လည်း တကယ့်တကယ်တမ်းမှာတော့ မဖြစ်ခဲ့တဲ့အပြင် အာဏာသိမ်းမှုဦးဆောင်တယ်ဆိုပြီးသတင်းမှား အလွှင့်ခံရတဲ့ဒုတိယဗိုလ်ချုပ်ကြီး အပါအဝင် ဒုတိယဗိုလ်ချုပ်ကြီးသုံးဦးကို ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ပေးခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့တဲ့ ဒီရက်သတ္တပတ်မှာပဲ ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အမွေလုနေကြတဲ့ ခြံအမှတ် (၅၄) လေလံပွဲဟာ မအောင်မြင်ခဲ့ပြန်သလို လက်ရှိမှာလည်း လျှော့ချထားတဲ့ ကျပ်ဘီလျံ ၃၀၀ ထက် ထပ်မံလျော့ကျမဲ့ အခြေအနေရှိနေပြန်ပါတယ်။
အခြားတစ်ဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်မှာ ရှိတ်ခ်ဟာစီနာရဲ့ ရွေးကောက်ခံအစိုးရကို ဆူပူအုံကြွမှုနဲ့ ဖြုတ်ချခံရတာ NUG ထောက်ခံတဲ့ ၂၅၅ ဖွဲ့က ဝမ်းမြောက်ကြောင်းနဲ့ NUG နဲ့ ပူးပေါင်းပေးဖို့ သဝဏ်လွှာပို့တာ၊ အာဆီယံဒေသအတွင်း ပြည်သူတွေ လက်နက်ပိုင်ဆိုင်မှုအများဆုံးစာရင်းမှာ မြန်မာနိုင်ငံက အဆင့် ၆ ရောက်လာတာ စတဲ့ဖြစ်စဉ်တွေရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ မောင်တောမြို့မှာ AA က ဘင်္ဂါလီ ၄၀၀ ကျော် သတ်ဖြတ်ပြီး လျှပ်စစ်ပစ္စည်းတွေ၊ ဆိုင်ကယ်တွေ လုယက်တဲ့အကြောင်း၊ မြို့တွေ သိမ်းဖို့ လွယ်သလောက် ထိန်းဖို့ခက်တယ်ဆိုတဲ့အကြောင်းနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိခရီးစဉ်အကြောင်းတွေကို သုံးသပ်ချင်ပါတယ်။
◾ မောင်တောမှာ ဘင်္ဂါလီ ၄၀၀ ကျော် သတ်ပြီး လုယက်မှုကျုးလွန်တဲ့ AA
ဘူးသီးတောင်တစ်မြို့လုံးကို မီးရှို့ဖျက်ဆီးလုယက်ပြီး ဘင်္ဂါလီ ၂ သိန်းကျော်ကို အိုးအိမ်မဲ့စေမှုနဲ့ နိုင်ငံတကာမျက်နှာစာမှာ ရှုတ်ချခံနေရတဲ့ ရခိုင်လက်နက်ကိုင် AA ဟာ ဒီတစ်ပတ်မှာလည်း မောင်တောမြို့ကိုသိမ်းဖို့ကြံဆောင်ရင်း မောင်တောမြို့ကို မီးတင်ရှို့ကာ မြို့ပေါ်က ဆိုင်ကယ်အစီးရေ ၅၀၀၀ ကျော် လုယက်မှုတွေနဲ့ ဟီတာချီလျှပ်စစ်ပစ္စည်းဆိုင်ကို ဖောက်ထွင်းတဲ့အပြင် ဩဂုတ် ၅ ရက်က ဘင်္ဂါလီ ၂၀၀ ကျော်ကို ဒရုန်းနဲ့တိုက်ခိုက်သတ်ဖြတ်မှုအပါအဝင် ဒီ ရက်သတ္တပတ်အတွင်း ဘင်္ဂါလီ ၄၀၀ ကျော် သတ်ဖြတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုကျုးလွန်တဲ့ လက်နက်ကိုင်အဖွဲ့အဖြစ် အရေးယူဖို့ တောင်းဆိုသံ ညံလာပြန်တာ တွေ့ရပါတယ်။
AA အဖို့ ချင်းပြည်နယ်မှာလည်း ကျောင်းသူပါမချန် မုဒိမ်းမှု၊ လူသတ်မှု၊ မူးယစ်ဆေးဖြန့်မှုနဲ့ အဓမ္မစစ်သားစုဆောင်းမှုတွေ လုပ်နေတာကို ချင်းတွေ အသံထွက်နေတာ ကြာလှပြီဖြစ်ပေမဲ့ ကမ္ဘာက မသိကျိုးကျွံလုပ်ခဲ့လို့ ဘင်္ဂါလီတွေကိုလည်း ချင်းတွေအပေါ် အနိုင်ကျင့်သလို လုပ်ဆောင်တာပါ။ ဒါပေမဲ့ AA အဖို့ ကံဆိုးတာက ဘင်္ဂါလီတွေဟာ NLD အစိုးရဟောင်းလက်ထက်ကတည်းက နယ်စပ်အရေးကို ကမ္ဘာ့လူ့အခွင့်အရေးရှုထောင့်ကမြင်ပြီး နိုင်ငံမဲ့သူအသွင်ဖော်ဆောင်ကာ နိုင်ငံငယ်တစ်ခုပါထူထောင်ပေးဖို့ကြံရွယ်နေတာနဲ့ NUG လူ့အခွင့်အရေးဒုဝန်ကြီးဟာ ဘင်္ဂါလီနွယ်ဖွားဖြစ်နေတာကြောင့် AA အဖို့ ဘူးသီးတောင်၊ မောင်တောမှာ ကျုးလွန်သမျှဟာ ကမ္ဘာ့မျက်နှာစာကို ရောက်နေပြီး ဘယ်လိုပဲ တပ်မတော်အပေါ်လွှဲချလွှဲချ ဘင်္ဂါလီတွေရဲ့ ပေါက်ရောက်မှုကို မကျော်နိုင်တာကြောင့် AA နဲ့ ထွန်းမြတ်နိုင်ဟာ ကမ္ဘာ့မျက်နှာစာမှာပါ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အရေးယူခံရတော့မဲ့ အခြေအနေဖြစ်လာနေတာပါ။
◾ သိမ်းဖို့ထက် ထိန်းဖို့ ခက်တဲ့မြို့
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ကို PDF တွေက ဩဂုတ် ၁၈ ရက် နံနက်ပိုင်းမှာ သိမ်းပိုက်လိုက်ပြီလို့ ဒီပဲယင်းပကဖ ထုတ်ပြန်မှုအပါအဝင် ဒီပဲယင်းမြို့ခံတွေက PDF တွေကို ကြိုဆိုနေတဲ့ ရုပ်သံတွေ၊ ဓာတ်ပုံတွေ နာရီပိုင်းခန့် ပျံ့နှံခဲ့ပေမဲ့ ညနေပိုင်းမှာပဲ တပ်မတော်က ရဟတ်ယာဉ်နဲ့ စစ်ကူချပေးတာ၊ လေကြောင်း တိုက်ခိုက်တာကြောင့် PDF တွေ မြို့ပြင်ဘက် ပြန်လည် ဆုတ်ခွာ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက ဒီပဲယင်းမြို့ကို သိမ်းဖို့ ကြိုးစားနေတဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ ဩဂုတ် ၁၆ ရက်မှာတော့ သာလွန်အင်အားနဲ့ အရှိန်မြှင့်ထိုးစစ်ဆင်လာပြီး ဩဂုတ် ၁၇ ရက် ညသန်းခေါင်အချိန်မှာ မြိုပေါ်က ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ တပ်စခန်းငယ်တွေကို တိုက်ယူပြီး ဒီပဲယင်းမြို့သိမ်းနိုင်ပြီလို့ ကြေညာချက်ထုတ် အောင်ပွဲခံခဲ့ကြသလို ကြိုဆိုတဲ့ ရုပ်ပုံတွေလည်း ထုတ်လွှင့်ခဲ့ကြပေမဲ့ ဒီအောင်မြင်မှုက နာရီပိုင်းပဲကြာပြီး ညနေပိုင်းမှာတော့ တပ်မတော်ရဲ့ ထိုးစစ်နဲ့အတူ PDF တွေ ဒီပဲယင်းမြို့က ပြန်လည်ထွက်ပြေးခဲ့ရတာပါ။
မြို့သိမ်းတိုက်ပွဲအတွင်းမှာ PDF တွေဟာ မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတာလည်း မြင်ရသလို ဒီလိုမျိုး ထိန်းတာထက် သိမ်းတာခက်တဲ့ အခြေအနေမှာ NUG ဟာ မြို့တစ်မြို့ကို ထိန်းထားနိုင်တဲ့ အင်အားမရှိ၊ မဟာဗျူဟာမရှိဘဲ PDF တွေကို မြို့သိမ်းခိုင်းတာ၊ PDF အမည်ခံသိမ်းတဲ့ ကောလင်း၊ စဉ့်ကူးစတဲ့မြို့တွေ ချက်ချင်းပြန်အသိမ်းခံရတာမျိုးတွေလည်း မြင်ခဲ့ရပြီး မအောင်မြင်တဲ့ မြို့သိမ်းတိုက်ပွဲတွေနဲ့ ပြည်ပမှာ အနေချောင်အစားချောင်ရေး အလှူခံဖို့ပဲတွေးပြီး PDF တွေ စတေးနေတဲ့ NUG ဟာ ပြည်သူတွေ ထိခိုက်ရမှုကြောင့်လည်း ဝေဖန်ခံနေရပါတယ်။
မြန်မာနိုင်ငံမှာ မြို့ပေါင်း ၈၀၁ မြို့ရှိပြီး မြို့အများစုဟာ အလွယ်တကူသိမ်းနိုင်မဲ့အနေအထားအဖြစ် ရဲစခန်းတစ်ခုလောက်ပဲရှိနေတာမို့လို့ မြို့သိမ်းတိုက်ပွဲတွေဟာ PDF တွေဘက်က လွယ်ကူနေတာမြင်ရပြီး လူအင်အားရာချီနဲ့ ဝင်ပစ်လိုက်ရင် ရဲစခန်းငယ်ပဲရှိတဲ့ မြို့သေးလေးတွေ အလွယ်တကူကျပါတယ်။ တကယ့်လက်တွေ့မှာလည်း ဒေသအနေအထားအရ အရေးသိပ်မကြီးတဲ့ ချင်းပြည်နယ်ဘက်နဲ့ တရုတ်ကျောထောက် နောက်ခံနဲ့ တိုက်ခိုက်တယ်လို့ မြန်မာပြည်သူတွေ ယူဆကြတဲ့ လားရှိုးအပါအဝင် ရှမ်းမြောက်ကလွဲရင် ကယား၊ ကရင်နဲ့ PDF သိမ်းတဲ့နေရာတွေက ရေရှည်မသိမ်းနိုင်ဘဲ မြို့ဖျက်၊ မြို့ပျက်၊ လုယက်ဖောက်ထွင်းတာသာ အဖတ်တင်ပြီး မြို့ပေါင်း ၈၀ နီးနီး ပျက်စီးအပြီးမှာတော့ ဒီမြို့သိမ်းတိုက်ပွဲတွေဟာ PDF တွေနဲ့ လက်နက်ကိုင်တွေပဲ အကျိုးဖြစ်တယ်ဆိုတာကို တော်တော်များများက နားလည်လာတဲ့အခြေအနေမြင်ရပါတယ်။
အခြားတစ်ဖက်မှာလည်း စစ်ကိုကြိုချင်သူတွေက ရှိမြဲရှိပေမဲ့ သူတို့ကိုလည်း မြို့ဖျက်ပြီး လုယက်ခံရမှာ၊ အသက်ဆုံးမှာ၊ ပိုင်ဆိုင်မှုဆုံးရှုံးမှာ စိုးရိမ်လာတဲ့ပြည်သူတွေက စစ်ကို မကြိုဆိုဖို့ ဟန့်လာသလို မြို့သိမ်းထားပြီးရင်လည်း စီးပွားရေးလုပ်မရ၊ နေလို့မရဖြစ်လာရတဲ့ ဒုက္ခတွေကို ခံစားသိရှိလာတဲ့ အခြေအနေ မြင်လာရတာပါ။ ရှေ့မှာ မြို့ ၈၀ လောက် ပြိုပျက်၊ ဖျက်ဆီးခံရပြီး စစ်ကို ဖိတ်မိလို့ အသက်တွေ၊ ဘဝတွေ၊ အနာဂတ်တွေ ပျက်သုဥ်းသွားပြီး စစ်နိုင်တဲ့မြို့တွေကလည်း စီးပွားရေးလည်ပတ်မရ၊ လူနေလို့မရတာကို မျက်မြင်ကြုံနေတာကိုမှ စစ်လာပါဖိတ်ခေါ်တဲ့မြို့တွေကတော့ အသက်၊ ခန္ဓာ၊ ဘဝနဲ့ တစ်သက်တာရှာဖွေထားသမျှ ဆုံးရှုံးဖို့ ရင်ဆိုင်ရမှာ မလွဲမသွေဖြစ်ပြီး စစ်မလာစေချင်လို့ ကန့်ကွက်တဲ့ မြို့တွေကိုလည်း မကြိုဆိုတဲ့နေရာ PDF မလာရဲတာကြောင့် မြို့ မပျက်သုဥ်းနိုင်မှာ အသေအချာလို့ပဲ ဆိုရမှာပါ။
◾ ဝမ်ယိခရီးစဉ်
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ EAO အဖွဲ့တွေရဲ့ မြို့ရွာတွေအပေါ် တိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လာရောက်တွေ့ဆုံစဉ်မှာ တင်ပြခဲ့တာ တွေခဲ့ရပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် အမြဲရပ်တည်ပေးပြီး သန်းခေါင် စာရင်း ကောက်ယူမှုမှာ လိုအပ်တဲ့ နည်းပညာကူညီမှုတွေအပြင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလည်း လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးသွားမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲမှာ သက်ဆိုင်သူတွေအားလုံး ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်စေရေး တိုက်တွန်းတယ်လို့လည်း မစ္စတာဝမ်ယိက ပြောခဲ့ပါတယ်။
ထူးခြားချက်အဖြစ်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိခရီးစဥ်မှာ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေနဲ့လည်း တွေ့ဆုံသွားပြီး ဦးသန်းရွှေကလည်း မြန်မာ နိုင်ငံကို ပြည်ပဝင်ရောက်စွက်ဖက်တာ ကာကွယ်ဖို့နဲ့ ပြည်တွင်းတည်ငြိမ်မှုထိန်းသိမ်းရာမှာ တရုတ်နိုင်ငံက တန်ဖိုးရှိတဲ့ အထောက်အပံ့တွေ ဆက်လက်ကူညီပေးဖို့တောင်းဆိုခဲ့ပါတယ်။
တကယ်ဆို တရုတ်နိုင်ငံခြားရေးဝန်ကြီးခရီးစဥ်ဟာ မြန်မာအစိုးရဘက်တင်မက NUG ဘက်မှာလည်း လှုပ်ခတ်မှုတွေရှိခဲ့ပြီး NUG ဝန်ကြီးဦးတင်ထွန်းနိုင်ဆိုရင် တရုတ်နိုင်ငံက မြန်မာနစကအစိုးရအဖွဲ့ကို ဒေါ်လာသုံးဘီလျံ အတိုးမဲ့ချေးပေးတာနဲ့ပတ်သက်လို့ NUG က မေးမြန်းအတည်ပြုမယ်လို့ကို လူမှုကွန်ရက်မှာ ထုတ်ပြောရတာပါ။ တကယ်ဆိုရင် တရုတ်နိုင်ငံဟာ NUG ကို လူရာသွင်းတဲ့နိုင်ငံမဟုတ်သလို တစ်ဆင့်ခံဆက်ဆံရေးမှာလည်း NUG က MNDAA ရဲ့ အမိန့်နာခံရတဲ့ပုံစံဖြစ်ပြီး ဒေါ်လာသန်း ၉၀၀ နီးပါး မြှုပ်နှံထားတဲ့ တကောင်းတောင်စီမံကိန်းဆို မန္တလေး PDF တွေက MNDAA ခိုင်းတဲ့အတိုင်း လုံခြုံရေးစောင့်ပေးနေရတဲ့အပြင် တရုတ်နိုင်ငံသားတွေကိုလည်း လိုက်ပြီးကယ်ထုတ်ပေးနေရတဲ့ အဆင့်ပါ။ ဒါကိုပဲ တရုတ်အစိုးရကို NUG က မေးမြန်းမယ် ထပြောပေမဲ့ အဖက်လုပ်ခံရဖို့တော့ မသေချာပါဘူး။
တခြားသော ထူးခြားမှုအဖြစ်လည်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးခရီးစဥ်မှာ ဝမ်ယိဟာ “တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲလိုသည့် တရုတ်နိုင်ငံကို အမည်ဖျက်အပုပ်ချသည့် မည်သည့်ပြောဆိုလုပ်ဆောင်မှုကိုမဆို ဆန့်ကျင်ပါကြောင်း”ဆိုတာကို ထည့်သွင်းပြောတဲ့အပေါ်မှာ ပြည်သူတွေက MNDAA၊ TNLA နဲ့ AA ကို တရုတ်နိုင်ငံက စစ်ရေးအရ လက်နက်လူသူငွေကြေးထောက်ပံ့တာမျိုး ရည်ရွယ်ဆန္ဒပြသူတွေကို ဆန့်ကျင် ပြောဆိုတယ်လို့ ရှုမြင်ခဲ့ကြတာလည်း တွေ့ရပါတယ်။
သေချာတာကတော့ ၁၀၂၇ စစ်ဆင်ရေးနှစ်ခုဟာ တရုတ်ကိုတိုင်တည်ပြီးမှ MNDAA က စတင်ခဲ့တာဖြစ်သလို လေကြောင်းတိုက်ခိုက်မှုခံရရင်တောင် MNDAA နဲ့ မြောက်ပိုင်းသုံးဖွဲ့က တရုတ်နိုင်ငံကိုပဲ အားကိုးတကြီးနဲ့ တိုက်ခိုက်မှု ရပ်ခိုင်းပေးဖို့ပြောတာပဲ တွေ့ရတာပါ။ ဒါတွေကလည်း MNDAA ဦးဆောင်တဲ့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ တိုင်တည်နေတဲ့ တရုတ်နိုင်ငံကို မြန်မာနိုင်ငံမှာ ဆန္ဒပြခံရတဲ့အရင်းခံဖြစ်ပြီး ဒီလို ဆန္ဒပြခံရတာကို မနှစ်သက်ဘူးဆိုရင်တော့ တရုတ်နိုင်ငံအနေနဲ့လည်း MNDAA အပါအဝင် မြန်မာ့မြေပေါ်မှာ စစ်ဘုရင်ဝါဒနဲ့ နယ်မြေလုတိုက်ခိုက်နေပြီး တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွေပါ လုယက်သိမ်းယူထားတဲ့ MNDAA တို့ မြောက်ပိုင်းသုံးဖွဲ့ကို လက်နက်လူသူငွေကြေးထောက်ပံ့တယ်လို့ ယူဆစရာအခြေအနေတွေ မလုပ်ဆောင်ဖို့ လိုအပ်မှာပါ။ ဒီလိုမျိုး မြောက်ပိုင်း လက်နက်ကိုင်တွေနဲ့ မဆက်နွှယ်တဲ့အကြောင်း မြန်မာပြည်သူတွေနားလည်လက်ခံအောင်လည်း အလွှာစုံဆက်ဆံရေးကနေ ရှင်းလင်းတဲ့ဖြေရှင်းချက်နဲ့ လုပ်ဆောင်ဖို့ လိုအပ်မှာပါ။ ဒီလိုလည်း မလုပ်ဆောင်ဘဲ MNDAA အပါအဝင် မြောက်ပိုင်းသုံးဖွဲ့နဲ့ ထိတွေ့ဆက်ဆံ အခွင့်အရေးပေးပြီး ဒီလက်နက်ကိုင်တွေထိန်းချုပ်မှုအောက်နဲ့ပဲ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်ဖို့ကြိုးစားပြီး ဗဟိုအစိုးရကို လျစ်လျူရှုထားရင်တော့ မြန်မာပြည်သူတွေရင်ထဲမှာလည်း အရင်ထဲက ရှိနေတဲ့ တရုတ်မုန်းတီးရေးစိတ်နဲ့ Proxy War ဆင်နွှဲတယ်လို့ ယူဆမှုက ပျောက်မှာမဟုတ်လို့ တရုတ်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံကို အမည်ဖျက်အပုပ်ချတဲ့လုပ်ဆောင်မှုတွေ ရပ်တန့်စေချင်တယ်ဆိုရင် MNDAA၊ TNLA နဲ့ AA တို့ကို လက်နက်လူသူငွေကြေးပံ့ပိုးပေးတယ်လို့ ထင်မြင်ယူဆစရာတွေလည်း ရပ်တန့်ပေးပါလို့ တိုက်တွန်းရင်းနဲ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။