September 20, 2024

၂၀. ၈. ၂၀၂၄
Written by Nay Moe

မကွေးတိုင်း၊ ရေစကြိုမြို့လယ်ရှိ အထက (၁) အနီးတွင် လုံခြုံရေးရယူပေးနေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းက PDF လေးဖွဲ့ပေါင်းပစ်ခတ်တိုက်ခိုက်မှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအပြင် သာသနာ့ဝန်ထမ်းနှစ်ဦးအပါအဝင် ပြည်သူလေးဦးပါ ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ကနဦးသိရသည်။

ဖြစ်စဥ်မှာ ယနေ့ ဩဂုတ် ၂၀ ရက် နံနက် ၉ နာရီအချိန်တွင် ရေစကြိုမြို့လယ်ရှိ အထက (၁) စာသင်ကျောင်းအနီးတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF လေးဖွဲ့ပေါင်း၍ အလစ်အငိုက်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

Sputhern YSO PDF အဖွဲ့ထုတ်ပြန်မှုအရ အဆိုပါ အလစ်အငိုက် တိုက်ခိုက်မှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦးခန့် သေဆုံးပြီး ၃ ဦး ဒဏ်ရာရသည်ဟုလည်း ဖော်ပြထားသည်။

ထို့ပြင် ပြည်သူများ ရုံးသွားလာချိန်တွင် PDF များ လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် တိုက်ပွဲအတွင်း ရေစကြိုမြို့နေပြည်သူ လေးဦး ကျည်ထိမှန်ဒဏ်ရာရရှိသည်ဟုသိရပြီး အမျိုးသမီးနှစ်ဦး၊ ကိုရင်တစ်ပါးနှင့် ရဟန်းတစ်ပါး ကျည်ထိမှန်သေဆုံးခဲ့သည်ဟု သိရကာ ယနေ့တိုက်ခိုက်မှုကို ပူးပေါင်း လုပ်ဆောင်ခဲ့သော အဖွဲ့များဖြစ်သည့် Southern YSO PDF အဖွဲ့၊ People’s Security -Yesagyo အဖွဲ့၊ Myingyan Black Tiger အဖွဲ့နှင့် TPG မြို့ပြပြောက်ကျားတို့က ပစ်ခတ်တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်သေဆုံးရမှုကို ဝမ်းနည်းကြောင်း ထုတ်ပြန်ထားသည်။

“PDF တွေအများကြီးပေါင်းပြီး လာပစ်ကြတဲ့ ပစ်ခတ်မှု ဖြစ်ပွားချိန်က ရုံးတက်ချိန်၊ စျေးသွားချိန် မနက် ၉ နာရီလောက်ဆိုတော့ လမ်းပေါ်မှာ လူစည်နေတာ။ ဒီပစ်ခတ်မှူမှာ အသက် ၄၀ ကျော် ကုန်စိမ်းရောင်းတဲ့အမျိုးသမီးရယ်၊ အသက် ၆၀ ကျော် ဆွမ်းလောင်းတဲ့အဖွားရယ်၊ စိတ္တသုခထဲက ကိုရင်တစ်ပါးနဲ့ ဆရာတော်တစ်ပါး ပျံလွန်တော်မူတယ်။ တခြား ကျည်ထိမှန်တာတွေလည်း ရှိသေးတယ်”ဟု ရေစကြိုမြို့ခံတစ်ဦးက ယင်းသိရှိသည့် ဖြစ်စဥ်ကို ပြောသည်။

ပစ်ခတ်မှုတွင် ပါဝင်သည့် Southern YSO PDF အဖွဲ့သည် ပြီးခဲ့သော ဧပြီ ၂ ရက်က ပန်းတိုင်းခြုံရွာအနီးတွင် ရဲတပ်ဖွဲ့ဝင် ၈ ဦးကို ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်ထားသည့် အဖွဲ့ဖြစ်သလို ပခုက္ကူစက်မှုဇုန်မှပြန်လာသော ကိုယ်ပိုင်အမှတ် ကြည်း ၅၄၅၄၂ သုံးပွင့်ဗိုလ်ကြီးဝင်းဇော်ကို ဇူလိုင် ၂၄ ရက် ညနေ ၃ နာရီ အချိန်က အရှင်ဖမ်းဆီးခဲ့သည့် အဖွဲ့လည်းဖြစ်သည်။

ပုံစာ။ Southern YSO PDF အဖွဲ့နှင့် ရေစကြို အထက (၁) ယခင်မြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *