October 18, 2024

အထွဋ်အမြတ် ဇာတ်ကားရိုက်ကူးနေစဉ်

၂၆. ၁၂. ၂၀၂၂

Written By Naddy

Rose Entertainment ၊ Rose Home TV YouTube က စီစဉ်ပြီး Horror Suspense ဇာတ်လမ်းပုံစံ“အထွဋ်အမြတ်” ဇာတ်ကားကို ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဘောက်ထော်ရှိ ဦးမောင်မောင်ကြီး ခြံ (၁၀) မှာစတင်ရိုက်ကူးနေတယ်လို့ ဒါရိုက်တာ ကျော်နှင်းဆီက MT News ကို ပြောပါတယ်။

“အမေနဲ့သားရဲ့ မေတ္တာဖွဲ့ ဒရာမာဇာတ်လမ်းလေးပါ။ အမေတစ်ယောက်က သားကို စိတ်မချလို့ တမလွန်ဘဝရောက်သွားတာတောင် ဝိဉာဥ်ဘဝနဲ့ သားကို လိုက်စောင့်ရှောက်နေတယ်။ လူတွေက အစွဲအလန်းကြီးတယ်။ အခုခေတ်ဆိုရင် ပူပင်ရတာတွေများတယ်။ အမေဆိုလည်း သားသမီးကို စိတ်မချနိုင်၊ သမီးဆိုလည်း မိဘကို စိတ်မချနိုင် အပူအပင်တွေ ရှိနေကြတာများပါတယ်။ များသောအားဖြင့်ကတော့ ကျွန်မတို့ မြန်မာလူမျိုးတွေက အစွဲအလမ်းကြီးကြတယ်။ လူတွေက အပူအပင်တွေနဲ့ သေဆုံးတဲ့အခါမှာ ရိုးရိုးတန်းတန်းမသေဘဲ စွဲလမ်းသေကြတယ်။ တချို့ မိဘတွေက ကိုယ်မှာချင်တာ မမှာလိုက်ရလို့ မကျွတ်တာရှိတယ်။ စွဲလန်းမူကို မကောင်းဘူးဆိုတာ ပြချင်တယ်။ သားသမီးတွေ မိဘကို ချုပ်နှောင်မထားပါနဲ့ဆိုတာကို ပုံဖော်ထားပါတယ်”လို့ ပြောပါတယ်။

ဒီဇာတ်ကားမှာ ဇာတ်လမ်း/ဇာတ်ညွှန်း ယွန်းသခင် ကရေးသားထားသလို ဒါရိုက်တာကျော်နှင်းဆီက ရိုက်ကူးပြီး သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မင်းခန့်ထည် ၊ မေမီကိုကို ၊ စိုးမိုးကြည် ၊ ညီဂျော်၊ ဇင်ဇင်နွေဦး၊ မေသော်တာ၊ အောင်မိုး၊ မိုးစက်ရှိုင်း ၊ မစန်း ၊ မလင်း၊ ကိုလူချောနဲ့အဖွဲ့ စတဲ့သူတွေ ပါ၀င်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

“ကျွန်တော်က အရင် မိုးမြေသက်သေ..တို့သွေးချင်းတွေ ၊ The Teacher ဇာတ်ကားတွေတော့ ရိုက်ထားပါတယ်။MTV သီချင်းတွေမှာလည်း သရုပ်ဆောင်ထားပါတယ်။ ကိုယ့်တိုင်က အနုပညာကို ဝါသနာပါတာကြောင့် မင်းသားကို ဖြစ်ချင်တာပါ။ ကျွန်တော့်အနေနဲ့ Horror Suspense ရိုက်ရတာ ပိုနှစ်သက်ပါတယ်။ ဒရာမာဆိုလည်း သဘောကျပါတယ်။ ဝါရင့်သရုပ်ဆောင်တွေနဲ့ အနုပညာအလုပ်တွေ တွဲလုပ်ရတော့ ရင်ခုန်ရပါတယ်” လို့ မင်းသားသစ် မင်းခန့်ထည်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *