September 20, 2024

၂၀. ၈. ၂၀၂၄
Written by Thettant

မြန်မာယူ -၁၂ အသင်းသည် U – 12 Junior Soccer World Challenge အုပ်စုပွဲစဥ်များအဖြစ် ယနေ့ သြဂုတ် ၂၀ ရက် မြန်မာစံတော်ချိန် နံနက် ၇ နာရီ ၂၀ မိနစ်တွင် Tozuka Football Club Junior အသင်းနှင့် ယှဥ်ပြိုင်ရာ ၂ ဂိုး ၁ ဂိုးနှင့် အနိုင်ရခဲ့ပြီး မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၅၀ မိနစ်တွင် Kashima Antlers Norte အသင်းနှင့် ယှဥ်ပြိုင်ရာ ၁ ဂိုးစီသရေကျ၍ Final Tournament တက်ဖို့ရန် အခြေအနေကောင်းနေခဲ့သည်။

U -12 Junior Soccer World Challenge 2024 ပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် သြဂုတ် ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း ၄၈ သင်းကို ၄ သင်း ၁၂ အုပ်စုခွဲ၍ ပထမအဆင့်(Preliminary League) အဖြစ် ယှဥ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ပထမအဆင့်(Preliminary League) တွင် အုပ်စုတစ်ခုစီမှ ထိပ်ဆုံးရပ်တည်နိုင်သည့် အသင်းနှစ်သင်းစီ၊ စုစုပေါင်း ၂၄ သင်းမှာ နောက်ဆုံးအဆင့်ပြိုင်ပွဲ(Final Tournament) သို့ တက်ရောက်ကစားခွင့်ရမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ အဆင့် ၃၊ ၄ ရ အသင်း ၂၄ သင်းမှာ အောက်အဆင့်ပြိုင်ပွဲ (Lower Tournament) ၌ ဆက်လက်ကစားရမည်ဖြစ်သည်။

ပထမအဆင့် ပြိုင်ပွဲ (Preliminary League) တွင် ၁၅ မိနစ် နှစ်ပိုင်း( နားချိန် ၅ မိနစ်)၊ နောက်ဆုံးအဆင့်ပြိုင်ပွဲ(Final Tournament) တွင် ၂၀ မိနစ် နှစ်ပိုင်း( နားချိန် ၅ မိနစ်)၊ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်တွင် ၂၅ မိနစ် နှစ်ပိုင်း( နားချိန် ၁၀ မိနစ်)၊ အောက်အဆင့်ပြိုင်ပွဲ(Lower Tournament) ကိုမူ ၁၅ မိနစ် နှစ်ပိုင်း( နားချိန် ၅ မိနစ်) ပုံစံဖြင့် ကျင်းပသွားမည်ဖြစ်​သည်။

မြန်မာ ယူ – ၁၂ အသင်းသည် ယခုနှစ် ပြိုင်ပွဲတွင် ပထမအဆင့် (Preliminary League)၏ အုပ် စု(D) ၌ အိမ်ရှင်ဂျပန်ကလပ်အသင်းများဖြစ်သည့် Tozuka Football Club Junior၊ Kashima Antlers Norte၊ FC Basara Hyogo အသင်းများနှင့် ကျရောက်လျက်ရှိသည်။

မြန်မာ ယူ -၁၂ အသင်း လက်ကျန်ပွဲစဥ်အဖြစ် မနက်ဖြန် သြဂုတ်၂၁ရက် နံနက် ၇ နာရီ ၂၀မိနစ်တွင် FC Basara Hyogo အသင်းနှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်ပြီး မြန်မာယူ-၁၂ အသင်းသည် ပြိုင်ပွဲမတိုင်ခင် Training Match ပွဲစဉ်များအဖြစ် Daiwa အသင်း၊ Nadeshik အမျိုးသမီးအသင်း၊ ဘာစီလိုနာ အကယ် ဒမီ (ဂျပန်)အသင်းများနှင့် မိနစ် ၂၀စီ ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားခဲ့သည်။

ထိုသို့ ကစားရာတွင် မြန်မာယူ-၁၂ အသင်းသည် Daiwa အသင်းကို (၁-၀)ဂိုးဖြင့် ရူံးနိမ့်ပြီး Nadeshik အမျိုးသမီးအသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ရကာ ဘာစီလိုနာ အကယ်ဒမီ (ဂျပန်) အသင်းကို (၄-၀)ဂိုးဖြင့် ရူံးနိမ့်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *