September 20, 2024

၁၉.၈. ၂၀၂၄
Written by Shwe Phyo

မလေးရှားနိုင်ငံပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသည့် မြန်မာနိုင်ငံသား ၄၆ ဦးကို သြဂုတ် ၁၉ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း မလေးရှား အခြေစိုက်မီဒီယာများက ဖော်ပြထားသည်။

မလေးရှားရဲတပ်ဖွဲ့သည် ထိုင်းနယ်စပ်ဒေသမှ မလေးရှားနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဝင်ရောက်နေထိုင်နေသူများရှိနေသည့်ဆိုသော သတင်းကို လက်ခံရရှိခဲ့ပြီးနောက်ပိုင်း လူကုန်ကူးသူအဖြစ် လူသိများသည့်အမ်၏ အိမ်နှစ်လုံးကို စီးနင်းရှာဖွေခဲ့ရာ မန်တင်အရပ်ဒေသရှိအိမ်တွင် မြန်မာနိုင်ငံသား ၃၁ ဦးနှင့် ကလန်အရပ်ဒေသရှိအိမ်တွင် မြန်မာနိုင်ငံသား ၁၅ ဦးကို ဖမ်ဆီးရမိခဲ့ကြောင်း၊ ဘာကစ်အာမန် ပြည်နယ် စီအိုင်ဒီအဖွဲ့မှတာဝန်ရှိသူ ဆိုဖီယမ်ဆန်တောင်က ထုတ်ဖော်ပြောဆိုခဲ့သည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများထဲတွင် အသက် ၂၂ နှစ်နှင့် အသက် ၄၀ နှစ်အရွယ်ကြားရှိ အမျိုးသမီး ၁၅ ဦး၊ အမျိုးသား ၂၅ ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဘာကစ်အာမန်ပြည်နယ်ရဲတပ်ဖွဲ့ကပြောသည်။

ထို့အပြင် အဆိုပါအရပ်ဒေသနှစ်ခုကို စီးနင်းချိန်အတွင်းဖမ်းဆီးရမိသော မြန်မာရွှေ့ပြောင်းအလုပ်သမားများထဲတွင် အသက် ၃၀ နှစ်နှင့် ၄၃ နှစ်ကြားရှိ ၆ ဦးသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ယာယီနေထိုင်ရာအဆောက်အဦ၊ အိမ်ခန်းများတွင် စီမံခန့်ခွဲမှုများလုပ်ကိုင်ပေးနေသူများဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့ကပြောသည်။

ဖမ်းဆီးခံရသော မြန်မာရွှေ့ပြောင်းအလုပ်သမားများက မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန် ပို့ဆောင်ပေးသည့် ပွဲစားကို တစ်ဦးလျှင် ပွဲစားခအဖြစ် ရင်းဂစ် ၄၀၀၀ ပေးချေခဲ့ရကြောင်း ဝန်ခံပြောဆိုထားသည်။ ၎င်းတို့ သည် မလေးရှားနိုင်ငံတွင်အလုပ်လုပ်ရန် စောင့်ဆိုင်းနေချိန်အတွင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများက ဝန်ခံထားသည်။

REF freemalaysiatoday

Leave a Reply

Your email address will not be published. Required fields are marked *