September 20, 2024

၂၀ ၈. ၂၀၂၄
Written by Ye Kyaw

ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အရောင်းများတွင် တန်းစီဝယ်ယူရမှု မရှိတော့ဘဲ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီး နာမည်ကြီးဆီဆိုင်တချို့တွင်သာ အနည်းအငယ်တန်းစီရမှုရှိတော့ကြောင်း MT News သတင်းဌာန၏ မြေပြင်သွားရောက်စုံစမ်းမှုများအရ သိရသည်။

စက်သုံးဆီတန်းစီဝယ်ယူနေရမှုများ ပပျောက်ရေးအတွက် ဆီသယ်ယာဉ်များ အနီးကပ်ကြီးကြပ် ဆောင်ရွက်မှုအပြင် PO (Purchase Order) များကိုပါ အမြန်ထုတ်ပေးခဲ့ခြင်းနှင့် စက်သုံးဆီလုပ်ငန်းရှင်များ လိုအပ်သည့် ဒေါ်လာများကိုပါ ဗဟိုဘဏ်မှ ထုတ်ရောင်းပေးခဲ့ခြင်းတို့ကြောင့် ဩဂုတ်လ ၁၈ ရက်မှစတင်ပြီး စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်အခြေအနေသို့ ပြန်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ယခင်က ယာဉ်တန်းနှစ်တန်းအထိ တန်းစီဝယ်ယူခဲ့ရသည့် တာမွေမြို့နယ်အတွင်းရှိ နာမည်ကြီးဆီဆိုင်များ၌ပင် တန်းစီရမှုမရှိဘဲ ပုံမှန်အတိုင်း ရောင်းချပေးနေပြီး နာမည်ကြီးဆီဆိုင်တချို့တွင်သာ ယာဉ်အနည်းငယ်တန်းစီဝယ်ယူရတော့သည်ကို တွေ့ရှိရသည့်အပြင် အချို့ဆီဆိုင်များအတွင်း ဆီသယ်ယာဉ်များဖြင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ဖြည့်တင်းနိုင်ရန်အတွက် အဆင့်သင့်စောင့်ဆိုင်းနေသည်ကို တွေ့ရှိရသည်။

မြတ်မေတ္တာမွန်ဆီဆိုင်များတွင် တန်းစီဝယ်ယူရမှုမရှိသည့်အပြင် လိုအပ်သည့်ပမာဏအတိုင်း အကန့်အသတ်မရှိ ဆီဝယ်ယူနိုင်သလို MAX ဆီဆိုင်များကမူ မြို့နယ်အပေါ်မူတည်ကာ ရောင်းချမှုပုံစံကွဲပြားပြီး တာမွေမြို့နယ်အတွင်းရှိ MAX ဆီဆိုင်များသည် ကားအသေးတွက် ကျပ်တစ်သိန်းနှင့် ကားအကြီးအတွက် ကျပ်နှစ်သိန်းဖိုးရောင်းပေးနေသော်လည်း သာကေတမြို့နယ်အတွင်းရှိ MAX ဆီဆိုင်များတွင် ကားအကြီးအတွက် ကျပ်သုံးသိန်းဖိုးအထိ ရောင်းချပေးနေသည်။

ထို့အပြင် အများပြည်သူ သွားလာရေးအတွက် သုံးဘီးဆိုင်ကယ်ကို အဓိကအသုံးပြုနေရသည့် မြို့နယ်များရှိ နာမည်ကြီးဆီအရောင်းဆိုင်တချို့တွင် သုံးဘီးဆိုင်ကယ်များ ဆီထည့်ရန် သီးသန့်လမ်းကြောင်းတစ်ခု စီစဉ်ပေးထားကာ အခြေခံလူတန်းစားများ အဆင်ပြေစေရန် စီစဉ်ပေးထားမှုကိုပါ တွေ့ရှိရသည်။

“အရမ်းကြီးတန်းမစီရတာက နှစ်ရက်လောက်ရှိသွားပြီ။ အရင်ကဆို တပ်ဖွဲ့မှတ်တိုင်အကျော် (နှစ်မှတ်တိုင်ကျော်) အထိ တန်းစီရတာ။ ဆိုင်ပိတ်ရင်တောင် အခက်အခဲရှိခဲ့တယ်။ အခုတော့ နည်းနည်းပဲ ရှိတော့တယ်။ ရောင်းပေးတာတော့ ဒီမှာက ကားသေး နှစ်သိန်း၊ ကားကြီး သုံးသိန်းဖိုးရောင်းပေးတယ်။ သုံးဘီးတွေကိုလည်း သူ့နေရာနဲ့သူ ရောင်းပေးတယ်” ဟု သာကေတမြို့နယ် ကျောက်တိုင်မှတ်တိုင်ရှိ MAX ဆီဆိုင်မှ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လလယ်တွင် မိုးအဆက်မပြတ်ရွာသွန်း၍ ရေကြီးရေလျှံမှုများကြောင့် သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီ Terminal တွင် ဆီထုတ်ရန် အခက်အခဲဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်ဆီဝယ်ယူမှု အခက်အခဲဖြစ်ပေါ်ခဲ့မှုများအားဖြေရှင်းပြီးနောက်တွင် ဩဂုတ်လ ၁၀ ရက်မှစတင်ကာ ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်အချို့တွင် တန်းစီဝယ်ယူရမှုများ ထပ်မံဖြစ်ပေါ်နေပြီး ယခင်က တန်းစီရမှုနည်းသည့် ဆီဆိုင်ငယ်များမှာပါ အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူရမှုများ ဖြစ်ပေါ်ခဲ့သည်။

ပြည်တွင်း စက်သုံးဆီဈေးကွက် အဆင်ပြေစေရန်အတွက် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၆၀၀၀ ကျော်အထိ ဖြစ်ပေါ်နေချိန် စက်သုံးဆီလုပ်ငန်းရှင်များအတွက် တစ်ဒေါ်လာ ကျပ် ၃၄၀၀ ဝန်းကျင်ဖြင့် ဩဂုတ်လ ၁၅ ရက်တွင် ဒေါ်လာ ၉ သန်းကျော်နှင့် ဩဂုတ်လ ၁၉ ရက် (ယမန်နေ့)တွင် ဒေါ်လာသန်း ၉၀ နီးပါး ဗဟိုဘဏ်မှ ထုတ်ရောင်းပေးထားသည်။

ယနေ့တွင် ပြည်တွင်း စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၂၉၉၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ကျပ် ၃၁၄၀၊ ရိုးရိုးဒီဇယ် တစ်လီတာ ကျပ် ၂၄၂၀၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ကျပ် ၃၂၁၀ ကျပ်ရှိပြီး ယခုတစ်ပတ်အတွင်း စက်သုံးဆီအမျိုးအစားလိုက် တစ်လီတာ ကျပ် ၂၀၀ ကျော် မြင့်တက်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *