September 20, 2024

၂၀.၈.၂၀၂၄
Written By Zun

တရုတ်နိုင်ငံသားအလုပ်ရှင်က လုပ်အားခမပေး၍ ဆန္ဒပြခဲ့ကြသည့် ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားများ မနက်ဖြန် လုပ်ခရရှိတော့မည်ဖြစ်ကြောင်း ထိုင်းဒေသတွင်းသတင်းများအရ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်က ပါကျင်ဘူရီခရိုင်၊ စရီမဟာဖိုထိမြို့နယ်၊ ဟွာဝါ့ကျေးရွာ၊ အမှတ် ၁၃ ရပ်ကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း တရုတ်နိုင်ငံသားအလုပ်ရှင်က လုပ်အားခမပေးသောကြောင့် မြန်မာအလုပ်သမား ၇၀၀ ကျော် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါအလုပ်ရှင်က မြန်မာအလုပ်သမားများအား လုပ်ခမပေးသည်မှာ ၂ လစာရှိပြီဖြစ်ကာ စုစုပေါင်းပေးရမည့်လုပ်အားခ ထိုင်းဘတ်ငွေ (၁၀) သန်းခန့် ရှိကြောင်းသိရပြီး ပေးချေရမည့်လစာငွေအစား တစ်ဦး ဘတ် ၅၀၀ သာပေးမည်ဆို၍ တင်းမာမှုများလည်း ဖြစ်ခဲ့ရသည်။

ထို့ကြောင့် လုပ်အားခများ ရရှိရေးအတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများက ဩဂုတ်လ ၁၈ ရက်တွင် လုပ်ငန်းခွင်အတွင်းသွားရောက်ပြီး အလုပ်ရှင်နှင့်တွေ့ဆုံညှိနှိုင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အလုပ်ရှင်က လုပ်အားခ ပေးဖို့သဘောတူလိုက်ပြီ။ မနက်ဖြန် ရမှာပါ။ အစတုန်းကတော့ တစ်ယောက်ကို ဘတ် ၅၀၀ ပဲပေးမယ် ပြောတာကြောင့် အခြေအနေက တင်းမာခဲ့ကြတာပါ”ဟု ထိုင်းနိုင်ငံတွင်း မြန်မာအလုပ်သမား အရေးလိုက်ပါကူညီနေသူ၏ ပြောပြချက်ကို ကိုးကား၍ ဒေသတွင်းသတင်းများက ဖော်ပြကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *