September 20, 2024

၂၀. ၈. ၂၀၂၄
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဩဂုတ်လဆန်းပိုင်းက ဆန္ဒပြအကြမ်းဖက်မှုများဖြစ်ပွားနေစဉ် အဝါမီလိဂ်ပါတီ၏ ဂျက်ဆိုမြို့ပါတီအဖွဲ့ အထွေထွေအတွင်းရေးမှူး ရှာဟင်း ချက်လက်ဒါ ပိုင်ဆိုင်သည့် ဂျက်ဆိုမြို့ရှိ Zabeer ဟိုတယ်အား အကြမ်းဖက်မီးရှို့၊ လုယက်ပြီး ဖျက်ဆီးမှုများပြုလုပ်ခဲ့၍ လူ ၂၄ ဦး သေဆုံးခဲ့ရမှုအတွက် မည်သူ မည်ဝါ မသိရသေးသူ ၂၀၀ ဦးခန့်အား အမှုဖွင့်ခဲ့ကြောင်းသိရသည်။

အမှုကို ရှာဟင်း၏အစ်ကိုဝမ်းကွဲတော်သည့် ဂျက်ဆိုခရိုင် အဝါမီလိဂ်ပါတီ ဥက္ကဋ္ဌဟောင်းဖြစ်သည့် တိုဟစ် ချက်လက်ဒါ ဖွန်တူက မီးရှို့အကြမ်းဖက်မှုဖြစ်ပွားပြီး ၁၅ ရက်အကြာ ဩဂုတ်လ ၁၉ ရက် ညတွင်မှ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အမှုဖွင့်လှစ်မှုအတွက် ကြေညာချက်အရ ရှာဟင်းပိုင်ဆိုင်သည့် Zabeer ကြယ်ငါးပွင့်ဟိုတယ်က ဂျက်ဆိုမြို့အတွင်း အဆင့်မြင့် ဟိုတယ်တစ်ခုလည်းဖြစ်ကာ ဩဂုတ်လ ၅ ရက်၊ မွန်းလွဲ ၃ နာရီခန့်တွင် မည်သူမှန်း မသိရသော အဖျက်သမားအကြမ်းဖက်များက ယမ်းမှုန့်နှင့်ဓာတ်ဆီများသယ်ဆောင်ကာ ဟိုတယ်အတွင်းသို့ ဝင်ရောက်လာကြခြင်းဟု သိရသည်။

ထို့နောက် ၎င်းတို့က ဟိုတယ်အတွင်း လုယက်မှုများပြုကာ ဟိုတယ်မှ တာကာငွေ သိန်း ၉၀ ကိုလည်း လုယူသွားခဲ့ကြသည်။ ထို့ပြင် ဟိုတယ်မှ ရေခဲသေတ္တာ အလုံး ၁၀၀၊ စမတ်ရုပ်မြင်သံကြား အလုံး ၁၀၀၊ ၄၅၀ ကီလိုဗို့ ဂျင်နရေတာ နှစ်လုံး၊ သိမ်းဆည်းထားသောပစ္စည်းများအမျိုးမျိုး၊ ပရိဘောဂများ၊ ၁,၀၀၀ ကီလိုဗို့ ထရန်စဖော်မာတစ်လုံးနှင့် အခြားသောတန်ဖိုးမြင့်ပစ္စည်းဥစ္စာအမျိုးမျိုးတို့ကိုလည်း ရယူသွားခဲ့ကြသည်။

ဆက်လက်၍ အဆိုပါ အကြမ်းဖက်အဖျက်သမားလုယက်သူများက ဟိုတယ်ကိုမီးရှို့ခဲ့ရာ ပထမထပ်မှ ၁၅ ထပ်အထိ မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်မှုတွင် ဟိုတယ်ဝန်ထမ်းများနှင့် တည်းခိုနေသည့်ဧည့်သည်များ စုစုပေါင်း ၂၄ ဦးသေဆုံးခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသားများလည်းပါဝင်ကြောင်း အမှုတွဲတွင် ဖော်ပြခဲ့သည်။

ဟိုတယ်မီးလောင်မှုတွင် အဖိုးတန်ပစ္စည်းများ၊ ပရိဘောဂများ၊ လျှပ်စစ်ကိရိယာများ၊ ဓာတ်လှေကားသုံးခု၊ ပြတင်းပေါက်သံတိုင်များ၊ မှန်တံခါးများနှင့် ဟိုတယ်အလှဆင်ပစ္စည်းများလည်း ဆုံးရှုံးခဲ့ရသည်။

ထိုဖြစ်ရပ်ကို ဒေသခံပြည်သူများကိုယ်တိုင် တွေ့မြင်ကြသော်လည်း တရားဥပဒေစိုးမိုးမှုမရှိသောအချိန်ဖြစ်၍ အမှုဖွင့်နိုင်ရန် စွဲချက်တင်ရေးကို မည်သူမျှ ချက်ချင်းအကူအညီပေး ဆောင်ရွက်မှု မပြုဝံ့ကြဘဲရှိကာ အမှုဖွင့်ရေးအတွက် ၁၅ ရက်ကြာသည်အထိ နှောင့်နှေးနေရခြင်းဟုလည်း သိရသည်။ ဖြစ်ရပ်တွင် အကြမ်းဖက်ဆန္ဒပြသမားများက အဝါမီလိဂ်ပါတီခေါင်းဆောင်တစ်ဦးပိုင်ဆိုင်မှုအဖြစ် Zabeer ဟိုတယ်အား အကြမ်းဖက်မီးရှို့သတ်ဖြတ်ခဲ့ကြခြင်းလည်းဖြစ်သည်။

Ref -Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *