September 20, 2024

၂၀.၈. ၂၀၂၄
Written by Shwe Phyo

မလေးရှားနိုင်ငံ၊ ကီရီယန်ပြည်နယ်၊ ကွာလာကူရောမြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများနှင့် နီပေါနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများကြား အုပ်စုဖွဲ့ ရန်ဖြစ်ပွားခဲ့ရာ နီပေါနိုင်ငံသားတစ်ဦးသေဆုံးခဲ့ကြောင်း မလေးရှားနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

ကီရီယန်ပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ​ပြောကြားမှုအရ သြဂုတ် ၁၉ ရက် နံနက် ၁၂ နာရီကျော်က ဖြစ်ပွားခဲ့သော ရန်ပွဲအတွင်း သေဆုံးခဲ့သူသည် အသက် ၂၈ နှစ်အရွယ်ရှိသူဖြစ်ပြီး ချွန်ထက်သောအရာဖြင့် ထိုးခံရခြင်းဖြစ်ကြောင်း အတည်ပြုပြောဆိုထားသည်။

၎င်းက “ကွာလာကူရောမြို့ရှိ နိုင်ငံခြားသားအလုပ်သမားတွေ နေထိုင်နေရာအရပ်ဒေသမှာ နေထိုင်နေတဲ့သူတွေ ရန်ဖြစ်တယ်ဆိုတဲ့သတင်းကို လက်ခံရရှိခဲတယ်။ ရဲတပ်ဖွဲ့က အဲဒီရန်ပွဲဖြစ်ပွားရာနေရာကို ရောက်ရှိသွားချိန်မှာ ရန်ပွဲက ပြီးဆုံးသွားပြီ။ သေဆုံးနေတဲ့ရုပ်အလောင်းကိုတွေ့မြင်ခဲ့တယ်။ ရန်ဖြစ်ကြတာကတော့ မြန်မာရွှေ့ပြောင်းအလုပ်သမားအုပ်စုနဲ့ နီပေါ ရွှေ့ပြောင်းအလုပ်သမားအုပ်စုတွေ အုပ်စုလိုက်ရန်ဖြစ်တာမျိုးဖြစ်ပါတယ်”ဟုပြောသည်။

အဆိုပါရန်ပွဲတွင်ပါဝင်နေသော အုပ်စုနှစ်စုစလုံးသည် စက်ရုံတစ်ခုတည်းတွင် အလုပ်အတူ လုပ်ကိုင်နေသူများဖြစ်ကြောင်း၊ အလုပ်သမားအချို့က ဆူညံစွာလုပ်ဆောင်ခြင်းနှင့်ပတ်သက်ပြီး ရန်ပွဲဖြစ်လာခဲ့ခြင်းမျိုးဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောသည်။

အဆိုပါရန်ပွဲတွင်ပါဝင်ခဲ့သူများအနက်မှ လူပေါင်း ၂၁ ဦးကိုဖမ်းဆီးခဲ့ကြောင်း၊ ရန်ပွဲဖြစ်ပွားခဲ့ပြီးနောက် မကြာမီ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတစ်ဦး ပျောက်ဆုံးနေခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့ကပြောသည်။

မလေးရှားရဲတပ်ဖွဲ့သည် ရန်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပျောက်ဆုံးနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ဦးဖြစ်သောအသက် ၃၈ နှစ်အရွယ်ရှိ ထွန်းထွန်းနိုင်နှင့်ပတ်သက်ပြီး အများပြည်သူများထံမှ သတင်းအချက်အလက်များကို စုဆောင်းရရှိရန် ကြိုးပမ်းနေကြောင်း သိရသည်။

REF thestar

Leave a Reply

Your email address will not be published. Required fields are marked *