September 20, 2024

၂၀.၈.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာ၊ ရန်ကုန်-ပဲခူးလမ်းမကြီးတွင် ယ​နေ့ သြဂုတ်လ ၂၀ ရက်နံနက် ၇ နာရီ ၁၇ မိနစ်ခန့်က ရပ်ထားသော ကွန်တိန်နာယာဥ်ကို လားရာတူ မောင်းလာသည့် အထည်ချုပ်ကြိုပို့ယာဥ် ဝင်တိုက်ရာမှ အထည်ချုပ်စက်ရုံဝန်ထမ်းတစ်ဦး သေဆုံးခဲ့ကြောင်း ကယ်ဆယ်​ရေးဆောင်ရွက်ခဲ့သူများထံမှ ​သိရသည်။

ကုန်ပစ္စည်းများချရန် ရပ်ထားသော ကွန်တိန်နာယာဥ်ကို ​ရွှေပြည်သာမှ ပဲခူး၊ ညောင်အင်းစက်မှုဇုန်သို့ မောင်းနှင်လာသော PANKO အထည်ချုပ်စက်ရုံကြိုပို့ယာဥ်က ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး အထည်ချုပ်စက်ရုံဝန်ထမ်း အသက် ၄၀ အရွယ် အမျိုးသားမှာ ကားခေါင်းခန်းအတွင်း ညပ်နေခဲ့ခြင်းဖြစ်သည်။

“စက်ရုံကားက ယာဥ်မောင်းက ထွက်ပြေးသွားတယ်။ ကားပေါ်က အမျိုးသားကတော့ နေရာမှာပဲ ဆုံးသွားတယ်”ဟု ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတစ်ဦးက ပြောသည်။

ကားခေါင်းအတွင်းညပ်နေသော စက်ရုံဝန်ထမ်းအမျိုးသားကို လှည်းကူမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက မိနစ်၂၀ ကြာ ကယ်ဆယ်ခဲ့သော်လည်း ရင်ဘတ်ဖူးယောင်ဒဏ်ရာ၊ ညာခြေထောက်ကျိုးကြေဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးခဲ့သည်။

သေဆုံးသူအမျိုးသားကို ဂရုဏာရှင်ပရဟိတအသင်းပိုင်ယာဥ်ဖြင့် လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *