September 20, 2024

၂၀. ၈. ၂၀၂၄
Written by Nyein Kyaw

SAC အစိုးရ၏ တတိယတစ်နှစ်တာ ကာလအတွင်း အခွန်ကောက်ခံရရှိမှု ကျပ်ဘီလျံ ၇၈၄၀ နီးပါးရှိပြီး ကာလတူနှစ်ထက် ကျပ် ၂၇ ဘီလျံကျော် ပိုမိုကောက်ခံရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံအကျိုး သယ်ပိုးဆောင်ရွက်ချက် (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ- ၂၀၂၄ ခုနှစ် ဇန်နဝါရီလ) မှတ်တမ်းတွင် ဖော်ပြထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ (SAC)၏ တတိယတစ်နှစ်တာကာလဖြစ်သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ကျပ်သန်းပေါင်း ၇,၈၃၉,၂၉၆ ဒသမ ၆၅၃ သန်း (ကျပ်ဘီလျံ ၇၈၄၀ နီးပါး) ကောက်ခံရရှိခဲ့ပြီး ယခင်နှစ်ကာလတူ ကောက်ခံရရှိမှုထက် ကျပ်သန်းပေါင်း ၂၇,၄၇၃ ဒသမ ၇၀၄ သန်း (ကျပ် ၂၇ ဘီလျံကျော်) ပိုမိုကောက်ခံရရှိခဲ့ခြင်းဖြစ်သည်။

အခွန်ကောက်ခံရရှိမှု တိုးတက်စေရန် ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်၊ ရုပ်သံမီဒီယာ၊ ရွှေဆိုင်၊ လက်ကိုင်ဖုန်း/ဟန်းဆက် (Hand Set) ပြေစာများများပေါ်တွင် အခွန်အမှတ်တံဆိပ်များ ကပ်နှိပ်ပေးရန် ပျက်ကွက်မှုအပေါ် ဒဏ်တပ်ရိုက်ပြီး ရသင့်ရထိုက်သော အခွန်ငွေများ အပြည့်အဝရရှိရေးအတွက် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှုနှင့်အညီ ဌာနအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် နိုင်ငံတကာစံနှုန်းများနှင့် လျော်ညီသော အခွန်စနစ်ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် ICT နည်းပညာများ တိုးချဲ့အသုံးပြု ဆောင်ရွက်နိုင်ရန် အခွန်ဆိုင်ရာစီမံခန့်ခွဲမှု ကွန်ပျူတာစနစ် (Tax Revenue Management System) အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *