September 20, 2024

၂၀. ၈. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနအနေဖြင့် ငယ်ရွယ်သော ကျောင်းသားကျောင်းသူများကို ကျောင်းများ၌ ဒစ်ဂျစ်တယ်ဆက်သွယ်ရေးကိရိယာများ အသုံးပြုမှု ထိန်းချုပ်ကန့်သတ်မှုပြုရန် စီစဉ်နေကြောင်း၊ ကျောင်းသူကျောင်းသားများအနေဖြင့် အဆိုပါနည်းပညာအပေါ်တွင် အလွန်အမင်းစွဲလမ်းမှုဖြစ်သွားပါက ၎င်းတို့၏ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်သည်ကို စိုးရိမ်ရ၍ ဤသို့ စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ကြားဖြတ်အစိုးရ၏ ပညာရေးဝန်ကြီး ရဲချုပ် ပမ်ပွန်း ချစ်ချော့ဘ်က ယခုအခါ ကျောင်းသူ ကျောင်းသားများစွာက ကျောင်းသို့ စမတ်ဖုန်းများ၊ တက်ဘလက်များနှင့် အလားတူဒစ်ဂျစ်တယ်မိုဘိုင်း ကိရိယာများကို ယူလာကြပြီး ၎င်းတို့နှင့် အချိန်များစွာကုန်လွန်လေ့ရှိကြကြောင်းလည်း ပြောခဲ့သည်။

သုတေသနပြုချက်တစ်ခုအရ အဆိုပါဒစ်ဂျစ်တယ်မိုဘိုင်းကိရိယာများကို အလွန်အကျွံအသုံးပြုမှုက ငယ်ရွယ်သည့် ကျောင်းသူကျောင်းသားများတွင် စာသင်ချိန်အတွင်း ၎င်းတို့၏စွမ်းဆောင်နိုင်ရည်ကို ကျဆင်းစေကာ ရေရှည်တွင်လည်း ၎င်းတို့၏ အသိဉာဏ်ဖွံ့ဖြိုးမှုကိုနှေးကွေးစေသည်။ ထို့ကြောင့် ယခုအခါဆိုလျှင် နိုင်ငံအတော်များများက ကျောင်းသူကျောင်းသားများကို ကျောင်းချိန်အတွင်း ဒစ်ဂျစ်တယ်မိုဘိုင်း ဆက်သွယ်ရေးကိရိယာများ ကျောင်းသို့ယူလာ၍ အသုံးပြုခြင်းကိုထိန်းချုပ်လျက်ရှိကြသည်။ အချို့နိုင်ငံများတွင် အသက် ၁၆ နှစ်အောက် ကျောင်းသူကျောင်းသားများအား ကျောင်း၌ အဆိုပါကိရိယာများ အသုံးမပြုရန် တားမြစ်ထားသည်။

ပညာရေးဝန်ကြီးက ဒစ်ဂျစ်တယ်ဆက်သွယ်ရေးနည်းပညာအပေါ် အလွန်အကျွံမှီခိုမှုက လူငယ်တို့၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ထိခိုက်စေသည့်စိုးရိမ်မှုများမြင့်တက်လာစေခဲ့ကြောင်းလည်း ပြောခဲ့သည်။ ထိုင်းနိုင်ငံတွင် သုတေသနပြုချက်အရ အဆိုပါနည်းပညာ၏ လူငယ်တို့၏ဦးဏှောက်နှင့် အသိဉာဏ်ဖွံ့ဖြိုးမှုတို့အပေါ်ထိခိုက်စေနိုင်သည့် သက်ရောက်မှုကို လေ့လာအတည်ပြုခဲ့ပြီးဖြစ်ကြောင်းလည်း ၎င်းကပြောခဲ့သည်။

ကလေးလူငယ်များတွင် ဒစ်ဂျစ်တယ်ဆက်သွယ်ရေးကိရိယာများကို တစ်နေ့လျှင် နာရီ ခြောက်နာရီခွဲခန့် ထက်ပို၍ စွဲလမ်းစွာအသုံးပြုသူများက ၎င်းတို့ထက် ထိုကိရိယာများအား အချိန်လျှော့၍သုံးသူများထက် မှတ်ဉာဏ်အတိုင်းအတာ ပို၍နိမ့်ကျတတ်ကြောင်း လေ့လာမှုများအရ တွေ့ရသည်။ ထို့ပြင် လျင်မြန်စွာ အာရုံစူးစိုက်နိုင်မှုအတိုင်းအတာကိုထိခိုက်ကာ လေ့လာမှုတွင် နှေးကွေးတတ်ကြောင်းလည်း လေ့လာမှုများကဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံပညာရေးကောင်စီက လူငယ်ကျောင်းသားများအား ဒစ်ဂျစ်တယ်ဆက်သွယ်ရေးကိရိယာများ အလွန်အကျွံအသုံးပြုမှုကို စွန့်လွှတ်နိုင်စေရန် တေးဂီတသင်ခန်းစာများ၊ အားကစားနှင့် လေ့ကျင့်ခန်းများကဲ့သို့ အတန်းပြင်ပဆောင်ရွက်မှုများ ပိုမိုပြုလုပ်ပေးရန် အဆိုပြုထားခဲ့သည်။

Ref- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *