September 20, 2024

၂၀. ၈. ၂၀၂၄
Written by Nyein Kyaw

စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် တစ်ဒေါ်လာ ကျပ် ၃၄၀၀ ဝန်းကျင်ဖြင့် ဒေါ်လာ ၉၉ သန်းကျော် ထုတ်ရောင်းထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေ ထုတ်ရောင်းထားသည့် စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ ကြေညာခဲ့ပြီးနောက် ဩဂုတ်လ ၁၅ ရက်တွင် တစ်ဒေါ်လာ ကျပ် ၃၄၀၀ ဖြင့် ဒေါ်လာ ၉ ဒသမ ၄၈၉ သန်းနှင့် ဩဂုတ်လ ၁၉ ရက် (ယမန်နေ့)တွင် တစ်ဒေါ်လာ ကျပ် ၃၄၁၀ ဖြင့် ဒေါ်လာ ၈၉ ဒသမ ၉၇၅ သန်း ထုတ်ရောင်းပေးထားသည်။ အဆိုပါ နှစ်ရက်အတွင်း စုစုပေါင်းဒေါ်လာ ၉၉ ဒသမ ၄၅၇ သန်း ထုတ်ရောင်းပေးထားခြင်းဖြစ်သည်။

ဗဟိုဘဏ်၏ နိုင်ငံခြားငွေဈေးကွက်အတွင်း ဒေါ်လာထုတ်ရောင်းပေးခဲ့သော ကာလအတွင်း ယခင်က ဒေါ်လာသန်းဆယ်ချီသာ ရောင်းချပေးမှုရှိခဲ့သော်လည်း ပြည်ပဈေးကွက်တွင် တစ်ဒေါ်လာ ၆၀၀၀ ကျော်အထိ မြင့်တက်နေသည့်ကာလအတွင်း သန်းရာချီနီးပါးဖြင့် ပမာဏအများဆုံး ထုတ်ရောင်းပေးခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လလယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများကြောင့် သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီ Terminal တွင် ဆီထုတ်ရန် အခက်အခဲဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်ဆီဝယ်ယူမှု အခက်အခဲဖြစ်ပေါ်ခဲ့မှုများအား Urgent အစီအစဉ်ဖြင့် ဖြည့်တင်းပေးခြင်း၊ နိုင်ငံခြား‌များ ထုတ်ရောင်းပေးခဲ့မှုများကြောင့် ပြန်လည်အဆင်ပြေမှုရှိသည်။

စက်သုံးဆီသယ်ယာဉ်များ ပုံမှန်ဝင်ရောက်မှုရှိနေသော်လည်း ဩဂုတ်လ ၁၀ ရက်မှစတင်ပြီး ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်အချို့တွင် တန်းစီဝယ်ယူရမှုများ ထပ်မံဖြစ်ပေါ်နေကာ ယခင်က တန်းစီရမှုနည်းသည့် ဆီဆိုင်ငယ်များမှာပါ အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေရခြင်းဖြစ်သည်။

ဩဂုတ်လဆန်းမှစတင်၍ ဒေါ်လာဈေးနှုန်းများ ဆွဲတင်ခဲ့မှုကြောင့် တစ်ဒေါ်လာ ကျပ် ၆၄၀၀ ကျော်အထိ ‌ရောက်ရှိခဲ့သည့်အပြင် ဩဂုတ်လ ၁၂ ရက်တွင် တပ်မတော်အတွင်း အာဏာသိမ်းမှုများ ဖြစ်ပေါ်နေသည်ဆိုသော ကောလဟာလများကို ထုတ်လွှင့်ကာ ဈေးဆွဲတင်မှုများကြောင့် တစ်ရက်အတွင်း ကျပ် ၈၀၀ မြင့်တက်ကာ ဩဂုတ် ၁၃ ရက်တွင် တစ်ဒေါ်လာ ကျပ် ၇၂၀၀ အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ အဆိုပါသတင်းများမှာ ကောလဟာလဖြစ်ကြောင်းနှင့် နိုင်ငံတော်အကြီးအကဲများ နိုင်ငံ့တာဝန်များကို ပုံမှန်အတိုင်း ကျေပွန်စွာထမ်းဆောင်နေကြောင်း ထုတ်ပြန်သည့်နေ့တွင် တစ်ဒေါ်လာ ကျပ် ၆၀၀၀ ကျော်သို့ ပြန်လည်ကျဆင်းခဲ့သည်။ အဆိုပါဖြစ်စဉ်များအပြီးတွင် ဗဟိုဘဏ်အနေဖြင့် ဒေါ်လာပမာဏသန်းရာချီ ထုတ်ရောင်းပေးမည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။

ဩဂုတ်လ ပထမရက်သတ္တပတ်တွင်လည်း ‌စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးကဏ္ဍများအတွက် FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅ သန်းနှင့် တရုတ်ယွမ် ၅ သန်း ဗဟိုဘဏ်မှ ရောင်းချပေးထားသည်။ ပြီးခဲ့သည့်ရက်သတ္တ ပတ်တွင်လည်း စက်သုံးဆီ၊ စားသုံးဆီနှင့် အခြားအရေးကြီးကုန်စည်များအတွက် ဒေါ်လာ ၆ သန်း၊ ယွမ် ၅ သန်းနှင့် ထိုင်းဘတ် ၁၀ သန်း ထပ်မံရောင်းချပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *