September 20, 2024

၂၀. ၈.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၁၈ လမ်းနှင့် ၁၉ လမ်းကြား၊ ၈၆(F) လမ်းရှိ နေအိမ်တစ်အိမ်တွင် နေအိမ်ကို အနုကြမ်းစီးဓားပြတိုက်မှုဖြစ်ပွားခဲ့ရာ လည်ပင်းကြိုးတုပ်သတ်ဖြတ်သဖြင့် အိမ်ရှင်ဖြစ်သူ အသက် ၇၂ နှစ်အရွယ်ရှိသည့် အမျိုးသမီးကြီး သေဆုံးပြီး ရွှေထည်ပစ္စည်းများ ဓားပြတိုက် လုယက်ခံရမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၁၉ ရက် ညနေခင်းအချိန်တွင် ၈၆ (F) လမ်းရှိ စာချုပ်စာတန်းများရောင်းရှိသည့် နေအိမ်ဆိုင်သို့ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ တို့မှ စာချုပ်များဝယ်မည်ဟုဆိုကာ ဆိုင်အတွင်းသို့ရောက်ရှိလာပြီး နေအိမ်ရှိ အသက် ၇၂ နှစ်အရွယ်အမျိုးသမီးကြီးနှင့် မောင်ဖြစ်သူ အသက် ၆၉ နှစ်အရွယ် အမျိုးသားတို့ကို ထိုသူများက လက်၊ လည်ပင်းတို့ကို ကြိုးဖြင့်တုပ်ပြီး ပါးစပ်ကို တိတ်ဖြင့်ကပ်ရာ ဆိုင်ရှင်၏မောင်ဖြစ်သူမှာ ရုန်းကန်သောကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း အစ်မဖြစ်သူမှာ အသက်ရူကြပ်၍ သေဆုံးသွားကြောင်း သိရသည်။

“မောင်နှမနှစ်ယောက်နေတာ။ အစ်မကသေတယ်။ မောင်ကတော့ မသေဘူး။ ဒဏ်ရာမရှိဘူး။ ကြိုးနဲ့လည်ပင်းတုပ်တော့ အသက်ရှုကြပ်ပြီးဆုံးတာ။ မောင်ကလွတ်သွားတယ်။ ရွှေထည်ပစ္စည်းတွေလည်း ဓားပြတိုက်တဲ့သူတွေ ယူသွားတယ်။ အမျိုးသမီးကြီးရဲ့ လက်မှာအပေါက်ဒဏ်ရာတစ်ခုပဲတွေ့တယ်”ဟု အလောင်းအားသွားရောက်သယ်ဆောင်သည့် ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့​ ပြောသည်။

အမည်မသိဓားပြတိုက်သူများက အိမ်ပိုင်ရှင်အမျိုးသမီးကြီး ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး ၁ ကုံး(အလေးချိန်မမှတ်မိ)၊ ရွှေနားကပ် ၁ ရံ(အလေးချိန်မမှတ်မိ)၊ ငါးမူးခန့်သားရှိ ရွှေလက်စွပ် ၁ ကွင်း၊ သုံးကျပ်ခွဲသားခန့်ရှိ လက်ကောက် ၁ ကွင်း၊ တစ်ကျပ်ခွဲသားခန့်ရှိ ဟန်းချိန်း ၁ ခု ကာလတန်ဖိုး(စိစစ်ဆဲ)တို့ကို လုယက်ထွက်ပြေးသွားကြောင်း သိရသည်။

Photo -Credit

Leave a Reply

Your email address will not be published. Required fields are marked *