၂၀. ၈. ၂၀၂၄
Written by Nay Moe
ငါန်းမြာကြီးရဲစခန်းကို ယမန်နေ့နံနက်အစောပိုင်းက PDF ၈ ဖွဲ့ပေါင်း၍ ဝင်တိုက်သိမ်းကာ ရဲတပ်ဖွဲ့ဝင် ၇ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးလိုက်သည်ဟု PDF များ ထုတ်ပြန်မှုအရ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီး နယ်မြေအခြေစိုက်ရဲစခန်းကို Myingyan Black Tiger (MBT)တပ်ဖွဲ့အပါအဝင် PDF ၈ ဖွဲ့က ယမန်နေ့ သြဂုတ်လ ၁၉ ရက်၊ နံနက် ၄ နာရီခွဲမှစတင်၍ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ နံနက် ၆ နာရီဝန်းကျင်အချိန်တွင် အပြီးသတ်သိမ်းဆည်းနိုင်ခဲ့သည်ဟုဆိုပြီး တိုက်ပွဲအတွင်း ဖရင်းဂန်းစက်လက် ၁ လက်၊ G3 ၅ လက်၊ ရိုင်ဖယ် ၁ လက်၊ အူဇီ ၂ လက်၊ ပစ္စတို ၁ လက်အပါအဝင် ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟုဆိုသည်။
ထို့အတူ ရဲတပ်ဖွဲ့ဝင် ၇ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးလိုက်ကြောင်းနှင့် ထိုတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်းနှင့်အတူ နောင်ရိုးတပ်ဖွဲ့၊ Popa Guerilla Force(PGF)၊ CDSOM၊ မန္တလေးခရိုင် တပ်ရင်း (၅)၊ မြင်းခြံဟီးရိုး၊ ငန်းနက်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်က ဖော်ပြထားသည်။