September 20, 2024

◾ ဒေသတွင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားမှုများနေသည့် မျောက်ကျောက်ရောဂါ ကာကွယ်ရေးအတွက် လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်နေ

◾️ ပြီးခဲ့သည့် ၂၁ ရက်အတွင်း ရောဂါပိုးတွေ့ရှိရာ နိုင်ငံ/ဒေသများမှ ပြန်လာသူများနှင့် ထိတွေ့မိခြင်းရှိပါက အမြန်ဆုံးသတင်းပို့ ကုသမှုခံယူကြရန် သတိပေး

၂၀. ၈. ၂၀၂၄
Written by Nyein Kyaw

အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားမှုများနေသည့် မျောက်ကျောက်ရောဂါကာကွယ်ရေးအတွက် လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ထိန်းချုပ်ကုသ‌ရေးအတွက် ဆောင်ရွက်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရောဂါဖြစ်ပွားနိုင်ခြေ သတ်မှတ်ချက်အရ Mpox (မျောက်ကျောက်) ရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားနိုင်ခြေ နည်းပါးသော်လည်း အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားမှုများရှိနေသဖြင့် ကျန်းမာရေးဝန်ကြီးဌာနသည် Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေးအတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုအား နှီးနွယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင် ရွက်ခြင်း၊ လူနာတွေ့ရှိပါက ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် သီးခြားလူနာဆောင်များ၊ လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ အသင့်ပြင်ဆင်ထားရှိခြင်း၊ ပြည်သူလူထုအတွင်း ရောဂါကာကွယ်ရေးနည်းလမ်းများအား ကျန်းမာရေးအသိပညာပေးခြင်းတို့အား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Mpox (မျောက်ကျောက်) ရောဂါအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC) အဖြစ် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် ပထမအကြိမ်ထုတ်ပြန်ကြေညာခဲ့ပြီး ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားမှုသိသာစွာကျဆင်းလာသည့်အတွက် ၂၀၂၃ ခုနှစ်၊ မေလ ၁၁ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေမှ ဖြေလျှော့ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ရောဂါလက္ခဏာ စောင့်ကြပ်ကြည့်ရှုခြင်းအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်မှ လက်ရှိအချိန်အထိ သံသယလူနာများ၏ ဓာတ်ခွဲနမူနာ ၁၂၉ ခုအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာတွင် Mpox (မျောက်ကျောက်)ရောဂါ အတည်ပြုလူနာ မရှိသေးကြောင်း ထုတ်ပြန်ထားသည်။

ယခု ၂၀၂၄ ခုနှစ်အတွင်း ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ(DRC)နှင့် အာဖရိကတိုက်ရှိ နိုင်ငံများတွင် Mpox (မျောက်ကျောက်) ရောဂါ ကူးစက်ဖြစ်ပွားမှုအရှိန်မြင့်တက်လာခြင်း၊ ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံအရှေ့ပိုင်းတွင် ရောဂါပိုးမျိုးကွဲအသစ် (Clade Ib) လျင်မြန်စွာကူးစက်ပျံ့နှံ့လာပြီး နယ်စပ်ဖြတ်ကျော်နှင့် နိုင်ငံတကာ ကူးစက်ပျံ့နှံ့မှုများ ရှိနေခြင်းတို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ယခုဩဂုတ်လ ၁၄ ရက်တွင် Mpox (မျောက်ကျောက်) ရောဂါကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ပြန်လည်ကြေညာထားသည်။

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ဖျား၍ မျက်နှာ၊ လက်၊ ခြေထောက်၊ ပါးစပ်နှင့် လိင်အင်္ဂါများတွင် အနီကွက်များနှင့်အတူ အရည်ကြည်ဖုများပေါက်ခြင်း၊ ပြန်ရည်အိတ် (lymph node) များ ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ မောပမ်းနွမ်းနယ်ခြင်း အစရှိသော လက္ခဏာများရှိခြင်း၊ ဖျားခြင်းနှင့် အနီစက်/အရည်ကြည်ဖုထွက်ခြင်း ရောဂါ လက္ခဏာ ခံစားနေရသူများ (အထူးသဖြင့် ရောဂါပိုးတွေ့ရှိရာ နိုင်ငံ/ဒေသများမှ လွန်ခဲ့သော ၂၁ ရက်အတွင်း ပြန်လာသူများ) နှင့် ထိတွေ့မိခြင်းရှိပါက နိုင်ငံတကာ (သို့မဟုတ်) ပြည်တွင်း ခရီးသွားခြင်းကို ရှောင်ကြဉ်သင့်ပြီး နီးစပ်ရာကျန်းမာ ရေးဌာနသို့ အမြန်ဆုံးသတင်းပို့၍ ကုသမှုခံယူကြရန် အသိပေးထုတ်ပြန်ထားသည်။

Mpox(မျောက်ကျောက်)ရောဂါသည် လိင်မှတစ်ဆင့် ကူးစက်ခြင်း၊ အရေပြားထိတွေ့ခြင်း၊ မျက်နှာချင်းဆိုင် အနီးကပ်တွေ့ဆုံခြင်းတို့ဖြင့် ကူးစက်ခြင်း၊ ရောဂါပိုးကပ်ငြိနေသော အရာဝတ္တုများကို ကိုင်တွယ်ထိတွေ့ခြင်း၊ ရောဂါပိုးကူးစက်ခံရသော တိရစ္ဆာန်နှင့်တိုက်ရိုက် ထိတွေ့ခြင်းတို့ဖြင့် ကူးစက်ခြင်းများအားဖြင့် အဓိကကူးစက်နိုင်ကြောင်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *