September 20, 2024

၂၀. ၈ .၂၀၂၄
Written by Hey Mar

အိမ်အပြန်လမ်းပျောက်နေတဲ့ အသက် ၇၅ နှစ် အဘိုးတစ်ဦးကို လူမှုကူညီရေးအသင်းက မိသားစုနဲ့ ပြန်လည်ချိတ်ဆက်ပေးနိုင်ခဲ့ပြီး သက်ကြီးအဘိုးအဘွား သတိလွတ်တတ်သူတွေကို စောင့်ရှောက်နေရတဲ့ မိသားစုဝင်တွေအနေနဲ့ အမှတ်အသားတစ်ခုခုကို အဘိုးအဘွားတွေနဲ့ တစ်ပါတည်း ဆောင်ပေးထားသင့်တယ်လို့ MT News ကတစ်ဆင့် အကြံပြုစကားဆိုပါတယ်။

အခုဖြစ်တဲ့ဖြစ်စဉ်က မနေ့က ဩဂုတ် ၁၉ ရက်နေ့ မှာ ဖြစ်ပွားခဲ့ပြီး ရွှေပေါက်ကံ၊ ဗညားနွဲ့လမ်းမှာ အဘိုးတစ်ဦး ခေါက်တုံ့ခေါက်ပြန် လမ်းပျောက်ပြီးလျှောက်သွားနေတာကို ရပ်ကွက်က သတိပြုမိရာက အဘိုးကို အကူအညီပေးနိုင်ဖို့ လင်းရောင်ခြည် ပရဟိတအသင်းဆီ လာရောက်ပို့ ဆောင်ပေးခဲ့တာပါ။ အသင်းက တာဝန်ရှိသူတွေက အဘိုးကို မေးမြန်းကြည့်ရာ အဘိုးက သူ့နာမည် ဦးဝင်းလှိုင်ဆိုတာနဲ့ ဒီနေရာမှာ သူ့သမီးတစ်ဦးနေထိုင်လို့ လာရှာကြောင်းပြောပြပြီး သူလာရှာတဲ့ သမီးအမည်နဲ့ လိပ်စာကိုမေ့နေပြန်တယ် လို့ အသင်းတာဝန်ရှိသူက ပြောပြပါတယ်။

လင်းရောင်ခြည် ပရဟိတအသင်းမှ အတွင်းရေးမှူး မဖြူဖြူခိုင်က “ညမိုးချုပ်နေပြီမို့ အဘိုးကို အိမ်လိုက်ပို့ပေးမယ် အဖိုးနေရာပြောဆိုတော့လည်း မြောက်ဥက္ကလာ၊ မြောက်ဒဂုံ မကွဲသလို သူ့ကို ဖြည်းဖြည်းချင်းစဉ်းစားခိုင်းတော့ ‌မှတ်မိပြီး ကျောက်တန်းမှာ နေတာလို့ ပြောတယ်။ ရပ်ကွက်နဲ့ အိမ်နံပါတ် မှတ်မိပေမယ့် လမ်းကိုတော့ မမှတ်မိဘူး။ သူပြောပြတဲ့ မှတ်မိသလောက်နဲ့ ညီမတို့အသင်းကလည်း ERT(N) ကွန်ယက်နဲ့ ချိတ်ဆက်ပြီး ကျောက်တန်းနယ်မြေခံ အသင်းတွေကနေတဆင့် ကူညီစုံစမ်းခိုင်းတော့ အဘိုး လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က နေခဲ့တဲ့နေရာဖြစ်နေတယ်”လို့ ဆိုပါတယ်။

အဘိုး ဦးဝင်းလှိုင်က လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သူ့ဇနီး သူ့သားသမီးတွေနဲ့ နေခဲ့တဲ့ ကျောက်တန်း ရွှေကုန်းရပ်ကွက် အိမ်အမှတ် (၈၃၅) နေအိမ်ကို သာမှတ်မိတာမို့ နယ်မြေခံ လူမှုကူညီရေးအသင်းတွေက ညတွင်းချင်း သွားရောက်ရှာဖွေ ချိတ်ဆက်ပေမယ့် အဲ့ဒီရပ်ကွက်ကနေ အိမ်ရောင်း ပြောင်းရွှေ့သွားတာ ဆယ်နှစ်ကျော်ပြီဖြစ်ပါတယ်။ အဘိုးကို သိရှိတဲ့ ရပ်ဆွေ ရပ်မျိုးတစ်ဦးက မိသားစု ဖုန်းနံပါတ် ကူညီရှာဖွေပေးတာမို့ မနေ့က မနက်အစောပိုင်း သုံးနာရီခန့်မှာ မိသားစုနဲ့ ချိတ်ဆက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“မိသားစုနဲ့ ချိတ်ဆက်လို့ရတော့ အဘိုးက အိမ်ထွက်သွားတာ နှစ်ရက်လောက်ရှိနေပြီလို့ ပြောတယ်။ သူတို့လည်း နီးစပ်ရာတော့ ရှာနေကြတာ။ အရင်ကလည်း ခဏ ခဏ ထွက်သွားတယ်။ လိုက်ရှာရတယ်လို့ ပြောပြတယ်။ အခုက ညီမတို့ဆီကို မရောက်ခင်တစ်ရက်က သူဘယ်မှာ အိပ်ခဲ့လဲတော့မသိဘူး။ မိသားစုနဲ့ ပြန်တွေ့တော့ မိသားစုက အရှေ့ဒဂုံမှာ နေကြတာ။ ရွှေပေါက်ကံ ၂၂ ရပ်ကွက် ခွဲရုံးမှာ မိသားစုဆီ ပြန်အပ်ပေးနိုင်ခဲ့တယ်”လို့ လင်းရောင်ခြည် ပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။

သူက ဆက်လက်ပြီး “အဘိုးအဘွားတွေက သူတို့ ရုန်းကန်နိုင်စဉ် အချိန်မှာ စိတ်ရော လူရော မိသားစုအတွက် ရုန်းကန်ပေးခဲ့ကြတာမို့ အခုအချိန်မှာ သူတို့အတွေးက ရှုပ်ထွေးပြီး သူတို့ အာရုံထဲ စွဲနေတာကလည်း သူတို့ စိတ်ချမ်းသာခဲ့တဲ့ အချိန် ဒါမှမဟုတ် စိတ်အပင်ပန်းဆုံး အချိန်တွေစ်ရင် ဖြစ်နေတတ်တယ် ။ ဒါကြောင့်မို့ အဘိုးအဘွား စောင့်ရှောက်ရတဲ့ မိသားစုဝင်တွေအနေနဲ့ ကလေးကို စောင့်ရှောက်သလိုပဲ အဖိုးအဘွားရဲ့ အင်္ကျီပေါ်မှာ ဖြစ်ဖြစ် နာမည် ဆက်သွယ်ရမယ့် ဖုန်း လိပ်စာ လေးတွေ အမှတ်အသား ထားပေးစေချင်ပါတယ် “လို့ MT News ကတဆင့် အသိပေးမှတ်ချက်ပြု စကားဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *