၁၉. ၈. ၂၀၂၄
Written by Nay Moe
ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ရာအိမ်မှူးတစ်ဦးနှင့် အုပ်ချုပ်ရေးမှူးနှစ်ဦးကို PDF များက တစ်နေ့တည်းသတ်ဖြတ်လိုက်ကြသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ထားသည်။
ဖြစ်စဥ်များမှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၅ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရှမ်းပြုံးချောင်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဩဂုတ် ၁၄ ရက် ည ၁၁ နာရီခွဲတွင် အဆိုပါကျေးရွာနေ ရာအိမ်မှူး ဦးမြင့်အောင် (၅၂)နှစ်သည် ရွာလယ်လမ်းမပေါ်၌ လမ်းလျှောက်နေစဉ် PDF ခြောက်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးမြင့်အောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဩဂုတ် ၁၅ ရက် ညနေ ၆ နာရီ ၂၀ မိနစ်တွင် ပေါက်ခေါင်းမြို့နယ်၊ အိုင်ဇောက်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးတင့်လွင်(၅၈)နှစ်သည် ၎င်း၏နေအိမ်အရှေ့ဘက် ၄ ဖာလုံခန့် အကွာရှိ တောင်ယာခင်းအတွင်း ရှိနေစဉ် PDF ငါးဦး (စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးတင့်လွင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်တွင် သေဆုံးသူဦးတင့်လွင်မှာ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ သစ်ရောင်းပြန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်ပြီး သတ်ဖြတ်မှု ကျူးလွန်သည်မှာ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်းဖြစ်ကြောင်း MT News က သတင်းဖော်ပြထားပြီးဖြစ်သည်။
အဆိုပါဖြစ်စဥ်နှစ်ခုအပြင် ဩဂုတ် ၁၅ ရက် ည ၇ နာရီ ၂၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ဦးတိုကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မြေနုကျေးရွာနေ မြေနုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသန့်ဇင် (၄၇) နှစ်သည် ၎င်း၏သား ကိုလှမျိုးသန့် နှင့်အတူ ဦးတိုကျေးရွာမှ မြေနုကျေးရွာသို့ ပန်းတနော်-ရွှေလောင်းသွားကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့်ထွက်ခွာလာစဉ် လားရာတူနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်လိုက်ပါလာသည့် အကြမ်းဖက်သမား နှစ်ဦး (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးသန့်ဇင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကိုလှမျိုးသန့်တွင် ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။