၁၉.၈.၂၀၂၄
Written by KL
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်၊ ကန်တော်ဦးရေကန်တွင် သြဂုတ်လ ၁၈ ရက် ညနေ ၅ နာရီခွဲခန့်က အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သည့် ရာမည အရေးပေါ် လူမှုကယ်ဆယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
သေဆုံးသူမှာ ဇေယျာမြိုင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးဖြစ်ကာ ၃ ရက်ခန့်ကြာပျောက်ဆုံးနေပြီး ရေကန်တွင် ရေနစ်သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူက ဒီရပ်ကွက်ကပဲ ကျန်းမာရေးမကောင်းလို့ ရန်ကုန်ဆေးရုံကြီးကနေ ဆေးရုံဆင်းလာတာ ၃ ရက်လောက်ပဲရှိသေးတယ် “ဟု အရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ မှ အဖွဲ့ဝင် ၁၀ ဦးက ရေကန်အတွင်းမှ ဆယ်ယူပြီး မော်လမြိုင်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။