ဖြိုးဝေ
၁၉. ၈. ၂၀၂၄
ပြီးခဲ့တဲ့လပိုင်းထဲ ဆန်စျေးကို အမြတ် ၇၀ ရာခိုင်နှုန်းအထိ အဆမတန် မြှင့်တင်ရောင်းချမှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ Aeon Orange က ဒါရိုက်တာ ဂျပန်နိုင်ငံသား ဟီယိုရှီ ကာဆာမတ်ဆုဟာ ထောင်တစ်နှစ်နဲ့ ဒဏ်ငွေ ကျပ်ငါးသိန်း ချမှတ်ခံရပေမဲ့ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ပြန်လွှတ်ပေးခဲ့ရတဲ့ဖြစ်စဉ်တွေရှိခဲ့သလို အဆမတန်အမြတ်ကြီးစားသူ ဆန်လုပ်ငန်းရှင် ၁၁ ဦးကို ဖမ်းဆီးအရေးယူပြီးနောက်မှာ တည်ငြိမ်စပြုလာတဲ့ ဆန်စျေးကွက်အတွင်း အရန်ဆန်အဖြစ် ပေါ်ဆန်းဆန်ကိုပါ ထည့်သွင်းပြီး ဆန်အိတ်တစ်သန်းအထိ သိုလှောင်မယ်ဆိုတဲ့ ဖြစ်စဉ်တွေ ကြားသိခဲ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း မကြာခဏဖြစ်လေ့ရှိတဲ့ဖြစ်စဉ်အဖြစ် စက်သုံးဆီ ပြတ်လပ်မှု၊ ဒေါ်လာစျေး မတည်ငြိမ်မှုတွေနဲ့ အကျပ်ရိုက်ပြီး စက်သုံးဆီတန်းစီဝယ်ယူရမှုဖြစ်စဉ်တွေ၊ ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းဝင်အကြိုစျေးကွက် စတင်လာပြီး စျေးကွက်ဝင်လာတဲ့ MAGDPL ရှယ်ယာ စတင်ရောင်းချမှုတွေနဲ့ လက်ရှိနှစ်ဝက်အတွင်းမှာ မြန်မာနိုင်ငံရဲ့ မော်တော် ယာဉ်ထုတ်လုပ်ရောင်းချမှုက ပိုမိုမြင့်တက်လာတယ်ဆိုတဲ့ ဖြစ်စဉ်တွေရှိခဲ့ပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ပြည်တွင်းစားသုံးဆီ ဖူလုံဖို့ နေကြာ ပိုစိုက်မဲ့အကြောင်း၊ ငွေကြေးဖောင်းပွမှုလျော့ကျဖို့ ဘဏ်တိုးနှုန်းတွေ မြှင့်တင်ပေးတဲ့အကြောင်းတွေနဲ့ PDF တွေက လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍကို ဖျက်ဆီးလို့ ပြည်သူတွေ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကဏ္ဍ ပိုမိုအဆင်မပြေ ဖြစ်လာတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။
◾ ပိုစိုက်မဲ့ နေကြာ
စားအုန်းဆီစျေးကို ဝိသမလောဘသားတွေ အဓမ္မဆွဲတင်စျေးကစားလိုက်ချိန်မှာ အစိုးရက ဝင်ထိန်းလိုက်တာကြောင့် ဆီတစ်ပိသာဟာ တရားဝင်စျေးမှာ ၄၅၀၀ နဲ့ ၆၅၀၀ ကြားလောက်မှာ ကန့်သတ်ချက်နဲ့ တန်းစီဝယ်ယူနေရချိန်မှာ တရားမဝင်စျေးမှာတော့ စားအုန်းဆီတစ်ပိသာဟာ ၁၅၀၀၀ နဲ့ ၂၀၀၀၀ အကြား ဒေသအလိုက် မြင့်တက်လာပြီး ပဲဆီစျေးနဲ့ အပြိုင်ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း စားအုန်းဆီ တင်သွင်းမှု ထက်ဝက်လောက်လျှော့ချနေသလို ဆီထွက်သီးနှံတွေ စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်တာ၊ ဆီစက်တွေ အဆင့်မြှင့်တင်တာတွေ လုပ်ဆောင်နေပြီး ၂၀၂၅ ခုနှစ်မှာ စားသုံးဆီ ဖူလုံအောင် ရည်မှန်းလုပ်ဆောင်နေတာလည်း တွေ့ရပါတယ်။
ဒါပေမဲ့ ပြည်တွင်း စားသုံးဆီ ဖူလုံမယ့် ၂၀၂၅ ခုနှစ်မရောက်ခင် အခု ၂၀၂၄ ခုနှစ် ဩဂုတ်လမှာတော့ ပြည်တွင်းမှာ စားသုံးဆီဟာ စက်သုံးဆီလိုပဲ စျေးမြင့်တက်မှုအပြင် ပြတ်လပ်မှုပါ ဖြစ်ပေါ်နေတဲ့အခြေအနေဖြစ်နေပါတယ်။ လက်ရှိမှာ မြေပဲအဟောင်းလက်ကျန်မရှိသလောက်ဖြစ်နေတာ၊ မြေပဲအသစ်ကလည်း ထွက်ရှိမှုနည်းတာကြောင့် မြေပဲဆံတစ်ပိသာ ကျပ် ၁၁၀၀၀ နီးပါးဖြစ်လာပြီး ဩဂုတ်လဆန်းကထက် ၃၀ ရာခိုင်နှုန်းလောက် မြင့်တက်လာတာ တွေ့ရပါတယ်။ တစ်ဖက်မှာလည်း စားအုန်းဆီတင်သွင်းမှုလျှော့ချထားတာ၊ တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်မှုပြတ်တောက်နေတာကြောင့် နေကြာဆီ၊ အသီးအရွက်ဆီ စတဲ့ ဘူးသွပ်ဆီတွေပါ ဝင်မလာနိုင်တော့တာကြောင့် လက်ကားဒိုင်ကြီးတွေဖြစ်တဲ့ Makro လိုနေရာတွေ၊ စူပါမားကတ်တွေ၊ လက်လီလက်ကားဆိုင်တွေနဲ့ ဆီထုတ်လုပ်ရာနေရာစုံမှာ ဆီရှားပါးပြတ်လပ် စျေးတက်မှုတွေ ဖြစ်ပေါ်နေတာ တွေ့ရပါတယ်။ ကမ္ဘာပေါ်မှာ ပြည်သူတွေ အသက်အတိုဆုံးနိုင်ငံထဲကတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဆီအလွန်အကျွံအစားများလို့ လျှော့ချရမယ်ဆိုပေမဲ့လည်း တုံးတိကြီးဖြတ် စျေးတွေတက်ပြီး ပစ္စည်းပါပြတ်လပ်တဲ့အခါကြတော့လည်း ပြည်သူတွေပဲ အခက်ကြုံရပြန်တယ်ဆိုတာ တာဝန်ရှိသူတွေ သတိမူမိဖို့ လိုအပ်ပါတယ်။
◾ မြှင့်တင်ပေးတဲ့ ဘဏ်တိုး
မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် ပထမ ၆ လမှာ ၂၈ ဒသမ ၂၃ ရာခိုင်နှုန်းမှာနေပြီး ဆူပူတိုက်ခိုက်နေတဲ့ ဒေသတွေမှာ ၃၆ ရာခိုင်နှုန်းလောက်ကို မြင့်တက်နေခဲ့တာပါ။ လက်ရှိမှာ ငွေဖောင်းပွမှုနှုန်းဟာ မနှစ်ကထက်ပိုမိုဆိုးရွားတဲ့ မတည်ငြိမ်မှုတွေ ကောလာဟလတွေကြောင့် ပိုပြီးတော့ ဆိုးရွားနေတာကြောင့်မို့လို့လည်း ဘဏ်တွေမှာ အပ်ထားတဲ့ ငွေတွေဟာ ငွေဖောင်းပွမှုနောက်ကို မလိုက်နိုင်ဘဲ အတိုးနှုန်း ၆ ရာခိုင်နှုန်းကျော်ပဲ ရနေချိန်မှာ လူတွေက ဘဏ်အပ်ငွေကို ထုတ်ပြီး အိမ်ခြံမြေရွှေငွေကား အခြေပစ္စည်းတွေ ဝယ်ယူကြပြန်တာမို့လို့လည်း ငွေဖောင်းပွမှုဆင့်ကဲပြီး ဒီဒဏ်ကိုတော့ ပြည်သူပဲ ခံရပြန်တာပါ။
ဒါကြောင့် လတ်တလောမှာတော့ ငွေကြေးဖောင်းပွမှုနှုန်း အထိုက်အလျောက်လျော့ကျစေဖို့၊ ပြည်သူများအနေနဲ့ ဘဏ်အပ်နှံငွေပေါ်က အတိုးဝင်ငွေပိုမိုရရှိစေဖို့၊ ဘဏ်တွေရဲ့ ချေးငွေထုတ်ချေးနိုင်မှုပိုမိုလာပြီး စီးပွားရေးတိုးတက်မှု အထောက်အကူပြုစေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ဗဟိုဘဏ်အတိုးနှုန်း၊ ဘဏ်တွေက အပ်ငွေအပေါ်ပေးတဲ့ အတိုးနှုန်းနဲ့ချေးငွေအပေါ် ကောက်ခံနိုင်တဲ့ အတိုးနှုန်းတွေကို ပြင်ဆင်လိုက်ပြီး ဗဟိုဘဏ်အတိုးနှုန်းကို လက်ရှိ ၇ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ ဒါ့အပြင် ဘဏ်အပ်ငွေအပေါ်ပေးရမဲ့ အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်း၊ ချေးငွေ အားလုံးအတွက် ကောက်ခံနိုင်တဲ့ အများဆုံးအတိုးနှုန်းကို ၁၅ ရာခိုင်နှုန်းနဲ့ ဘဏ်တွေရဲ့ အမြတ်ရနိုင်စွမ်းနဲ့ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲနိုင်မှုအရ အပ်ငွေနဲ့ ချေးငွေအတိုးနှုန်းကို ၇ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအတွင်း သတ်မှတ်လိုက်ပြီး ဒီ အတိုးနှုန်းပြင်ဆင်ချက်ဟာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ကစ အကျိုး သက်ရောက်မှာပါ။ လက်ရှိမှာ ဒီဘဏ်အပ်ငွေအတိုးက ၆ ရာခိုင်နှုန်းဝန်းကျင်မှာပဲရှိပြီး လာမဲ့ စက်တင်ဘာ ၁ ရက်ကစ အနိမ့်ဆုံးအတိုးကို ၇ ရာခိုင်နှုန်းက ပေးရမှာဖြစ်သလို ချေးငွေအပေါ်မှာ ၁၅ ရာခိုင်နှုန်းအထိ ကောက်ခွင့်ပေးထားလို့လည်း အပ်ငွေအတိုးဟာ ဘဏ်အချင်းချင်းယှဥ်ပြိုင်ကြရင် ၁၁၊ ၁၂ ရာခိုင်နှုန်း လောက်အထိ ပေးနိုင်ဖွယ်ရှိတာလည်း မြင်ရပြီး ဒီအပေါ်မှာ ပိုပေးနိုင်တဲ့ဘဏ်တွေက ငွေအပ်သူများများရမဲ့သဘောမျိုးမြင်ရပေမဲ့ ဒီအတိုးနှုန်းပြောင်းလဲမှုက ဘယ်လောက်အထိ ငွေကြေးဖောင်းပွမှု လျော့ကျအောင် စွမ်းနိုင်မလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။
◾PDF ဖျက်ဆီးခံ လျှပ်စစ်
တော်လှန်ရေးဟာ နိုင်ငံနဲ့ ပြည်သူပိုင်ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးဖို့တစ်ခုပဲ အသိဉာဏ်ရှိကြတဲ့ လူ့ဗာလတွေကြောင့် အခုဆိုရင် နိုင်ငံတော်မှာ ပြည်သူ့ငွေကြေးနဲ့ တည်ဆောက်ခဲ့တဲ့ လမ်းတံတား၊ လျှပ်စစ်နဲ့ ဖုန်းတာဝါတိုင်ထောင်ချီ၊ ကျောင်း၊ ဆေးရုံ၊ စတာတွေ ၁၁၀၀၀ ကျော် ပျက်စီးခဲ့ပြီဖြစ်သလို ဒီအထဲမှာ အသိသာဆုံးကတော့ လျှပ်စစ်ဖျက်ဆီးမှုပါ။
ဒီနေ့ခေတ်မှာ အရာအားလုံးဟာ လျှပ်စစ်နဲ့ လည်ပတ်ကြပြီး ပြည်သူတွေနေ့စဥ်သုံး စားဝတ်နေရေးဆိုင်ရာထုတ်ကုန်အကုန်လုံးက လျှပ်စစ်နဲ့ လည်ပတ်သုံးစွဲချိန်မှာ PDF တွေက လျှပ်စစ်ဓာတ်အားလိုင်းတွေ ထောင်နဲ့ချီကို ဖောက်ခွဲဖျက်ဆီးကြတာကြောင့် လျှပ်စစ်အစား လောင်စာနဲ့ အစားထိုးလည်ပတ်ကြချိန်မှာ ကုန်ကျစရိတ်တွေမြင့်တက်လာပြီး ဒီကုန်ကျစရိတ်ကိုတော့ အဆုံးသတ်မှာ စီးပွားရေးအဆင်မပြေလို့ နွမ်းပါးကျပ်တည်းလာတဲ့ စားသုံးသူ ပြည်သူပဲခံရတော့တာပါ။ အခုဆိုရင် မြန်မာနိုင်ငံမှာ လျှပ်စစ်တပ်ဆင်အင်အားဟာ မဂ္ဂါဝပ် ၇၃၀၀ လောက်ရှိပေမဲ့ နေ့စဥ်ထုတ်လုပ်နိုင်မှုက မဂ္ဂါဝပ် ၂၈၀၀ လောက်ပဲရှိတော့တဲ့အပြင် အများစုသော လျှပ်စစ်ရင်းမြစ်တွေက စစ်ဘုရင်ဝါဒနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ နယ်မြေလုထားရာနေရာမှာ မလည်ပတ်နိုင်တော့သလို အချို့ကလည်း မဟာဓာတ်အားလိုင်းတွေကို ဖျက်ဆီးထားတာကြောင့် National Grid ထဲကို လျှပ်စစ်မပို့နိုင်တော့ဘဲ ပြည်သူတွေ ခက်ခဲဒုက္ခပဲ ကြုံနေရတာပါ။
ဒီအထဲမှာ နူရာဝဲစွဲ လဲရာသူခိုးထောင်းဖြစ်စဥ်အဖြစ်လည်း ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်မှာ စတင်တဲ့ PDF တွေရဲ့ မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအတွင်းမှာ တိုက်ခိုက်ဖျက်ဆီးမှုတွေကြောင့် စင်ကာပူအစိုးရပိုင် တီးမားဆက်နောက်ခံ Sembcorp သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ တရုတ် V Power စက်ရုံနှစ်ခုကလည်း ဩဂုတ် ၁၂ ရက်မှာ ရပ်ဆိုင်းသွားခဲ့ပြန်ပါတယ်။ ဒီစက်ရုံနှစ်ခုရပ်ဆိုင်းသွားတာကြောင့် နေ့စဥ် မဂ္ဂါဝပ်နာရီ ၄၉၂၀ လျော့ကျသွားတာကြောင့် မီးပိုပြတ်တဲ့အရေးကိုလည်း ရင်ဆိုင်နေရပါတယ်။ သိသာစေတဲ့အချက်အဖြစ် PDF တွေ မြင်းခြံက သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်စက်ရုံနှစ်ခုကို မတိုက်ခိုက်ခင် ဩဂုတ် ၁၀ ရက်က တစ်နေ့တာ ဓာတ်အားထုတ်လုပ်မှု ၂၈၀၇ မဂ္ဂါဝပ်ကျော်ဖြစ်ပြီး ဩဂုတ် ၁၈ ရက်မှာတော့ ၂၅၄၈ မဂ္ဂါဝပ်ပဲထုတ်လုပ်နိုင်တဲ့အထိ ဆယ်ရာခိုင်နှုန်းကျော် ကျဆင်းသွားတာ တွေ့ရပါတယ်။ ဒီလိုအကြမ်းဖက်ဖျက်ဆီးမှုတွေဟာ ပြည်သူပဲနစ်နာတာဖြစ်သလို ပြန်တည်ဆောက်ရင်လည်း ပြည်သူ့ငွေပဲကုန်ကျပြီး အချိန်ကလည်း နှစ်ချီပေးရတာပါ။ အလုံးစုံပျက်သုဥ်းရေးမူနဲ့ NUG၊ PDF ၊ EAO တို့ ဖျက်ဆီးမှုတိုင်းဟာ ပြည်သူကိုပဲနစ်နာစေတယ်ဆိုတာ သဘောမပေါက်ဘဲ အကြမ်းဖက်ဖျက်ဆီးမှုနဲ့ အလုံးစုံပျက်သုဥ်းရေးကို ထောက်ခံနေသရွေ့တော့ ဖျက်ဆီးလေ စီးပွားကျ ကျပ်တည်းလေနဲ့ ကိုယ့်မနော ကိုယ်ကျောကပ်ပြီး ဝဋ်ဆက်ခံရမှာလည်း ပြည်သူပါပဲလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။