September 20, 2024

၁၉.၈.၂၀၂၄
Written by Nyein Kyaw

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်တွင် အွန်လိုင်းအသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၄ ဦးနှင့် မြန်မာနိုင်ငံသား ၁၇ ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)က ယနေ့တွင် ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၁၈ ရက်(ယမန်နေ့) ညနေ ၄ နာရီခွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၂၇ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြားရှိ ဒေါ်စန္ဒာ(၅၈)နှစ် (ဘ)ဦးစန်းမောင်၏နေအိမ်၌ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ ပူးပေါင်းကာ အွန်လိုင်းအသုံးပြု၍ ငွေလိမ်လုပ်ငန်းများလုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် အဆိုပါနေအိမ်အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါနေအိမ်အတွင်း အွန်လိုင်းအသုံးပြု၍ ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူ Yanlong (၂၈) နှစ်အပါအဝင် တရုတ်နိုင်ငံသား အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသားများဖြစ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်၊ ထွမ်ဆန်ရွာနေ ရဲမြင့်(၂၀) နှစ် (ဘ) ဦးယောက်စွတ် အပါအဝင် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၆ ဦး၊ နေအိမ်ပိုင်ရှင်ဖြစ်သူ ဒေါ်စန္ဒာတို့အား အွန်လိုင်းအသုံးပြု၍ ငွေလိမ်လုပ်ငန်းပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၄ စုံ၊ Laptop ၂ လုံး၊ 5BB Broad Band တံဆိပ်ပါ Wifi စက် ၁ လုံး၊ Ruijie Regee တံဆိပ်ပါ Wifi ထပ်ဆင့်လွှင့်စက် ၃ လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူ Yanlong အပါအဝင် တရုတ်နိုင်ငံသား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား ရဲမြင့်အပါအဝင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၆ ဦးနှင့် နေအိမ်ပိုင်ရှင်ဖြစ်သူ ဒေါ်စန္ဒာတို့ အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေ ရဲစခန်း၌ အီလက်ထရောနစ်ဆက်သွယ်ရေးဆိုင်ရာဥပဒေပုဒ်မ ၃၃(က)/၃၈ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *