September 20, 2024

၁၉ .၈.၂၀၂၄
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ (၃)ရပ်ကွက်၊ သီတာဆိပ်လမ်း၊ သင်္ဘောဆိပ်မှာ ဆိုက်ကပ်ထားတဲ့ ငါးဖမ်းစက်‌လှေတစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး စက်လှေလုပ်သားနှစ်ဦး မီးလောင်သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဩဂုတ်လ ၁၉ ရက် နေ့လယ် သုံးနာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစက်လှေမှ မီးခိုး‌တွေထွက်နေကြောင်း သတင်းအရ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး ထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ ဆယ့်ငါးမိနစ်ခန့်အကြာမှာ မီးငြိမ်းသွားပြီး၊ လှေဝမ်းအတွင်း စက်လှေလုပ်သားနှစ်ဦး ပိတ်မိကာ မီးခိုးမွှန် အောက်စီဂျင်ပြတ်လပ်တာကြောင့် မီးဟပ်ဒဏ်ရာတချို့နဲ့ သေဆုံးခဲ့တာလို့လည်း မြေပြင်မှာ ရုပ်အလောင်း သွားရောက်သယ်ဆောင်ခဲ့တဲ့ စေတနာ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

“မြေပြင်အကူအညီကတော့ ဖြစ်ပြီးမှရောက်တာပါ။ တာဝန်ရှိသူတွေက သေဆုံးဘော်ဒီတွေ့လို့ လာသယ်ပါဆိုလို့ သွားသယ်တာပါ။ ငါးဖမ်းစက်လှေက ကမ်းကပ်ပြီး ပြင်နေတာလို့တော့ သိရပါတယ်။ ဝရိန်ဆော်တာတွေလည်း ရှိတယ်။ သေသူတွေက အသက် ၄၀ ကျော်နဲ့ အသက် ၃၀ ကျော် အမျိုးသားတွေပါ “လို့ စေတနာလူမှုကူညီရေးအသင်းထံ MT News က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။

မီးလှေလောင်တဲ့ ငါးဖမ်းသင်္ဘော​က အဏ္ဏာဝါ​အောင်ငါးလုပ်ငန်းမှ ငါးဖမ်းသင်္ဘောလို့ သိရှိရပြီး မီးလောင်ကျွမ်းရာက အသေဆုံးလှေလုပ်သားနှစ်ဦးကို ရန်ကုန်​ဆေးရုံကြီးရင်ခွဲရုံဆီ စေတနာလူမှုကူညီရေးအသင်းမှ နာ​ရေးကူညီမှုကားနှစ်စီးနဲ့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။(ဓာတ်ပုံ – စေတနာလူမှုကူညီရေးအသင်း)

Leave a Reply

Your email address will not be published. Required fields are marked *