September 20, 2024

၁၉. ၈. ၂၀၂၄
Translated by Htwe Ko Tun

ဂျာမနီနိုင်ငံအရှေ့ပိုင်း၊ လစ်ဇဇ်(Leipzig) မြို့အနီးတွင် ကျင်းပနေ‌သော တေးဂီတပွဲတော်တစ်ခု၌ ချားရဟတ်ကြီးတစ်ခု လည်ပတ်နေစဉ် လူစီးထိုင်ခုံတွဲနှစ်တွဲ၌ ဩဂုတ်လ ၁၇ ရက်ညက မီးလောင်မှု ရုတ်တရက်ဖြစ်ပွားခဲ့ရာ အနည်း ဆုံး လူ ၂၃ ဦးဒဏ်ရာရခဲ့ရကြောင်း သတင်းများအရ သိရသည်။

ထို့ပြင် ရဲတပ်ဖွဲ့က အခြား ၆၅ ဦးမှာလည်း မီးလောင်ကျွမ်းမှုကြောင့် ဆေးဘက်ဆိုင်ရာကုသမှုများခံယူခဲ့ရကာ ၁၆ ဦးကို ဆေးရုံသို့တင်ပို့ခဲ့ရကြောင်း ပြောခဲ့သည်။ ရဲတပ်ဖွဲ့အနေနှင့် ဩဂုတ်လ ၁၈ ရက် နံနက်ပိုင်းရောက်သည်အထိ ဒဏ်ရာရရှိသူများ၏အခြေအနေကို တိတိကျကျ ခိုင်မာစွာမပြောနိုင်သေးကြောင်းလည်းသတင်းများက ဆိုသည်။ ထို့ပြင် ဒဏ်ရာရရှိသူအရေ အတွက်မှာလည်း အနည်းဆုံး ၂၃ ဦးဟုဆိုသော်လည်း အတိအကျမဟုတ်သေးကြောင်း သိရသည်။

မီးက လူစီးချားရဟတ်ကြီး၏ ထိုင်ခုံတွဲတစ်တွဲ၌ စတင်လောင်ကျွမ်းခဲ့ပြီး ၎င်းမှာ နောက်တစ်ခုသို့ ကူးစက် လောင်ကျွမ်းခဲ့သည်။ လူအချို့မှာ မီးလောင်ဒဏ်ရာများရရှိကာ တစ်ဦးမှာ အမြင့်မှပြုတ်ကျ၍ ဒဏ်ရာများရခဲ့သည်။ ထို့ပြင် ရဲအရာရှိလေးဦးအပါအဝင် အခြားလူများမှာလည်း မီးခိုးငွေ့များရှုမိ၍ ဆေးစစ်ဆေးမှုပြုလုပ်ရန်ဆေးရုံသို့ တင်ပို့ခဲ့ရသည်။

အဆိုပါဖြစ်ရပ်က လစ်ဇဇ်မြို့အနီး Stoermthaler ကန်၌ Highfield တေးဂီတပွဲတော်ကျင်းပနေစဉ် ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ကလည်း မီးစတင်လောင်ကျွမ်းရမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ချားရဟတ်ကြီးကို လည်ပတ်သူပိုင်ရှင်က မီးစတင်လောင်ကျွမ်းသည့် ချားရဟတ်၏ လူစီးထိုင်ခုံတွဲ၌ လိုက်ပါစီးနင်းလာသူမရှိဘဲ မီးက အခြားထိုင်ခုံတွဲများသို့ ကူးစက်လောင်ကျွမ်းခြင်းဟု ပြောခဲ့သည်။ ၎င်းက ချားရဟတ်ကြီးမှာ ၃၈ မီတာမြင့်ကာ လူစီးထိုင်ခုံတွဲ ၂၄ ခုပါဝင်ကြောင်း၊ သက်တမ်းအားဖြင့် ခုနှစ်နစ်သာရှိသေး၍ သက်တမ်းလွန်အိုမင်းနေသည့် ချားရဟတ်ကြီးမျိုးမဟုတ်သေးကြောင်း ပြောခဲ့သည်။

Ref-AP

Leave a Reply

Your email address will not be published. Required fields are marked *