September 20, 2024

၁၉.၈.၂၀၂၄
Written by TZ

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့နယ်၊ သနပ္ပင်ဆိပ်အနောက်ရွာတွင် စျေးဆိုင်နှင့်အတူ အရက်ဆိုင်ဖွင့်ထားသည့်ဆိုင်သို့ အရက်လာသောက်သူအမျိုးသားက ဆိုင်ရှင်အမျိုးသမီးကို စနောက်သောကြောင့် ဆိုင်ရှင်အမျိုးသမီး၏သားဖြစ်သူ ကိုးတန်းတက်ရောက်နေသည့် ကျောင်းသားက စနောက်သည့်အမျိုးသားကို ဓားဖြင့်ထိုးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ သြဂုတ်လ ၁၉ ရက် နေ့လယ်ပိုင်းကဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၁ နာရီ မိနစ် ၂၀ အချိန်တွင် အဆိုပါကျေးရွာရှိပြည်သူများက မိုးစေတနာပရဟိတအသင်းသို့ ဖုန်းဆက်အကူအညီတောင်းလာသောကြောင့် ဖြစ်စဥ်နေရာသို့သွားရောက်ခဲ့ပြီး လူနာကို ပျဥ်းမနားမြို့ ကုတင် ( ၂၀၀) ဆံ့ဆေးရုံကြိးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“အရက်လာသောက်တဲ့သူက ဆိုင်ရှင်အမျိုးသမီးကိုစလို့ သားဖြစ်သူက ဓားနဲ့ထိုးတာ။ သူကကျောင်းသား။ သူ့ကိုရဲတွေဖမ်းသွားပြီ။ ဓားထိုးခံရတဲ့သူက ဘယ်ဘက်ပုခုံးညှပ်ရိုးထိသွားတယ်” ဟု လူနာအားဆေးရုံပို့ပေးသည့်အသင်းမှတာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ဓားထိုးခံရသည့် အမျိုးသားမှာ အသက် (၃၇) အရွယ်နှစ်ရှိပြီး ပျဥ်းမနားမြို့၊ သကြားစက်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်းလည်း သိရသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့ကလည်း ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးရှိ သိုက်ချောင်းကျေးရွာတွင် အရက်လာသောက်သည့်ဧည့်သည်က အတူသောက်သည့် အိမ်ရှင်အမျိုးသားကို အရက်ထွက်ဝယ်ခိုင်းရာ အရက်ရမလာ၍ တံဇဥ်နှင့်လှီးသဖြင့် အိမ်ရှင်နားရွက်ပြတ်မှုလည်း ဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ – မိုးစေတနာပရဟိတအသင်း

Leave a Reply

Your email address will not be published. Required fields are marked *