September 21, 2024

၁၉. ၈. ၂၀၂၄
Written by Nyein Kyaw

မြန်မာ့ဆန်သည် တန်းမြင့်ဆန်ထုတ်လုပ်မှုအဆင့်တစ်ခုကို ရောက်ရှိနေပြီဖြစ်၍ ပြီးခဲ့သည့်လများတွင် ထိုင်း၊ ဗီယက်နမ်တို့၏ ဆန်များထက် ဈေးနှုန်းပိုမိုရရှိခဲ့သည့်အပြင် ဥပရောပဈေးကွက်ပါ အဓိကချိတ်ဆက်တင်ပို့နိုင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ၂၅ မှတ်ဆန် (ဆန်ကွဲ ၂၅ ရာခိုင်နှုန်းပါသည့်) အမျိုးအစားကိုသာ အဓိကတင်ပို့နိုင်ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ၅ မှတ်ဆန် (ဆန်ကွဲ ၅ ရာခိုင်နှုန်းသာပါသည့်) ဆန်အမျိုးအစားများကို အဆင့်မြင့်စက်များဖြင့် ကြိတ်ခွဲခြင်းအပြင် စက်ပေါ်လစ်ဖြင့် အဆင့်မြှင့်တင်ကာ တင်ပို့လာနိုင်ခဲ့ခြင်းဖြစ်သည်။

“တစ်နည်းအားဖြင့် ကျွန်တော်တို့ဆန်က ထိုင်းတို့၊ ဗိယက်နမ်တို့ကို ယှဉ်ပြီးရောင်းနိုင်တယ်။ ပြီးခဲ့တဲ့ ခြောက်လကဆို ကျွန်တော်တို့ဆန်ဈေးက ထိုင်း၊ ဗီယက်နမ်ဈေးထက်တောင် နည်းနည်းများသေးတယ်။ သူတို့နဲ့တန်းတူဈေးရတယ်။ အခုဒီရက်ပိုင်းမှာတော့ ကျွန်တော်တို့ဆန်က ထိုင်းတို့၊ ဗီယက်နမ်တို့ထက် နည်းနည်းသက်သာတယ်။ တစ်နည်းအားဖြင့် ပြောရင်တော့ ထိုက်သင့်တဲ့ တန်းမြင့်ဆန်ထုတ်လုပ်မှုက Level တစ်ခုကို ရောက်သွားပြီ။ ဒါကြောင့်မို့လည်း ဥရောပဈေးကွက်ဆိုလည်း အဓိကချိတ်ဆက်ထားနိုင်တဲ့ အနေအထားရှိတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။

ဥရောပနိုင်ငံအနေဖြင့် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့မှ ထွက်ရှိသည့်ဆန်များထက် မြန်မာဆန်ကို ပိုမိုဝယ်ယူလိုသည့် အခြေအနေများလည်းရှိပြီး မြန်မာ့ဆန်ကို ယခင်က တရုတ်နိုင်ငံက အများဆုံးဝယ်ယူနေမှုမှ လက်ရှိတွင် ဥရောပနိုင်ငံများမှ အများဆုံးဝယ်ယူနေကြောင်း သိရသည်။

“နိုင်ငံတကာဝယ်လိုအားလည်းရှိပါတယ်။ ကျွန်တော်တို့နိုင်ငံကဆန်ကို ဥရောပနိုင်ငံတွေက အများဆုံးဝယ်ပါတယ်။ ဥရောပနိုင်ငံတွေက ဆန်ရော၊ ဆန်ကွဲရောဝယ်တယ်။ တရုတ်နိုင်ငံ၊ အိမ်နီးနားချင်း နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ဝယ်ပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။

သို့သော် မြန်မာနိုင်ငံအနေဖြင့် မိုးတွင်းကာလတွင် ဆန်နှင့်ဆန်ကွဲများကို ကွန်တိန်နာဖြင့်သာ တင်ပို့ခြင်းဖြစ်ပြီး ကွန်တိန်နာဈေးနှုန်းကြီးမြင့်မှုနှင့် ကွန်တိန်နာရရှိမှု အခက်အခဲများကြောင့် ယခုဘဏ္ဍာနှစ်လေးလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၈ သိန်းကျော်တင်ပို့ရန် လျာထားချက် ပြည့်မီအောင် မတင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပြီး ယခုဘဏ္ဍာနှစ်လေးလအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၅ သိန်းကျော်သာတင်ပို့ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *